ကုလသမဂ္ဂ Assistant Secretary-General for Humanitarian Affairs and Deputy Emergency Relief Coordinator (OCHA) ဖြစ်သူ Ms. Joyce Msuya နှင့်အဖွဲ့သည် ၂၀၂၂ ခုနှစ်၊ မေလ (၆) ရက်နေ့က တက်ရောက်ခဲ့သော အာဆီယံ အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်များကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံပြီး ပြန်လည်ရှင်းပြခဲ့ပါသည်။ ဤအစည်းအဝေးကို မြန်မာနိုင်ငံ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်နှင့် သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေတို့လည်း တက်ရောက်ခဲ့ကြပါသည်။ Ms. Joyce Msuya ၏ ရှင်းလင်းချက်အပေါ် တက်ရောက်သူများက အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
ထိုတွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်တပ်၏ ရက်စက်စွာ ဖိနှိပ်မှုများကြောင့် ပေါ်ပေါက်လာရသည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေအတွက် အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊ NUG အစိုးရ အနေဖြင့် ဒုက္ခရောက်နေသော ပြည်သူများထံအရောက် နည်းလမ်းပေါင်းစုံဖြင့် အတတ်နိုင်ဆုံး ထောက်ပံ့ ကူညီပေး လျက် ရှိကြောင်း၊ သို့သော် ကုလသမဂ္ဂ အပါအဝင် အာဆီယံနှင့် နိုင်ငံတကာ၏ အကူအညီများ များစွာ လိုအပ်လျက် ရှိသေးကြောင်းနှင့် လက်ရှိအခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံတကာ၏ အကူအညီများကို ပေးအပ်ရာတွင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ကျင့်ဝတ်များကို လိုက်နာလျက် စစ်ဘေးရှောင် ပြည်သူများ လက်ဝယ် အမှန်တကယ်ရောက်ရှိနိုင်ရေးသည် အရေးကြီးကြောင်းနှင့် ပြည်သူလူထုကို အခြေပြုသော ချဥ်းကပ်မှုများဖြင့် လက်တွေ့ အကောင်အထည်ဖော်နိုင်သော နည်းလမ်း မျိုးစုံကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါသည်။
ကုလသမဂ္ဂ Assistant Secretary-General for Humanitarian Affairs and Deputy Emergency Relief Coordinator (OCHA) Ms. Joyce Msuya က NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့အား တွေ့ဆုံခြင်း

- ထုတ်ပြန်သည့်ရက်စွဲ - 2022-05-07