အမျိုးသားညီညွတ်ရေးအစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Dr. Noeleen Heyzer နှင့်ယနေ့နံနက် မြန်မာစံတော်ချိန် ၁၁:၃၀ နာရီအချိန်တွင် ဗီဒီယိုကွန့်ဖရင့်မှတစ်ဆင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေများနှင့် စပ်လျဉ်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အရပ်သားအစိုးရအုပ်ချုပ်မှုဆီသို့ ပြန်လည်ရောက်ရှိရေး၊ အားလုံးပါဝင်သည့် ဖြေရှင်းနည်းများ ရှာဖွေနိုင်ရေး၊ ဖြစ်ပွားနေသော ပဋိပက္ခများ၊ အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအသိုက်အဝန်းက ကူညီဆောင်ရွက်ပေးသင့်သည့် ကိစ္စရပ်များ အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လက်တွေ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြခဲ့ပြီး အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီအရေးပေါ်လိုအပ်နေသူများထံသို့ ထိရောက်စွာထောက်ပံ့ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာမှ ပံ့ပိုးလုပ်ဆောင်နိုင်မည့်နည်းလမ်းများကို ပါဝင်ပတ်သက်သူများအားလုံးနှင့် ဆွေးနွေးတိုင်ပင်၍ ဝိုင်းဝန်းအဖြေရှာနိုင်ရန် သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံမှုသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ လူသားချင်းစာနာမှုထောက်ပံ့ခြင်းလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေသည့် တာဝန်ခံ ဝန်ထမ်းများက အတူတက်ရောက်ခဲ့ကြပြီး လုပ်ငန်းများဆောင်ရွက်ရာ၌ ကြုံတွေ့ရသော အခက်အခဲများနှင့် မြေပြင်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ပြည်သူကိုဗဟိုပြုသော ချဉ်းကပ်မှုအစီအစဉ်များကသာ မြေပြင်ရှိ စစ်ဘေးရှောင်ပြည်သူများထံသို့ အကူအညီများရောက်ရှိနိုင်လိမ့်မည်ဟူသောအချက်ကိုလည်း အထူးကိုယ်စားလှယ်က နားလည်လက်ခံခဲ့ပြီး မြန်မာနိုင်ငံသို့သွားရောက်မည့် ခရီးစဉ်တွင် ဦးစားပေးလုပ်ဆောင်မည့်ကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ အထူးကိုယ်စားလှယ်က မေလ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေးနှင့် စပ်လျဉ်းသည့် အာဆီယံ အစည်းအဝေးတွင် ဦးစားပေးဆွေးနွေးသင့်သည့် အကြံပြုချက်များကို မေလ ၃ ရက်နေ့၌ ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့ပါသည်။ ၎င်းထုတ်ပြန်ချက်တွင် လူသားချင်းစာနာမှုအကူအညီများကိုလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် နယ်စပ်ဖြတ်ကျော်ထောက်ပံ့မှုများအပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနှင့်အညီဖြစ်စေရန် အထူးအလေးပေး အဖြေရှာရမည်ဖြစ်ကြောင်း တိုက်တွန်းအကြံပြုထားကြောင်းတွေ့ရှိရပါသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် NUG အစိုးရ၏ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးခြင်း

- ထုတ်ပြန်သည့်ရက်စွဲ - 2022-05-05