ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများ

ထိ‌ရောက်သော လူသားချင်းစာနာကူညီမှုများနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ လူထူအခြေပြု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘေးဒဏ်ခံစားရသောပြည်သူများ ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိစေရုံသာမက ကျွန်ုပ်တို့၏တစ်ခုတည်းသော ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာစေရန် အထောက်အပံ့ဖြစ်စေပါသည်။

ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ

နိုင်ငံတကာ အစိုးရများ၊ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများသည် မြန်မာပြည်သူတို့နှင့်ထပ်တူ အစဉ်တစိုက် ရပ်တည် ခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါသည်။ ယခုမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို ကြည့်ခြင်းအားဖြင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်လာမည့် ပြည်သူများ ပိုမိုများပြားလာမည်ဟု ခန့်မှန်းရပါသည်။ သင်တို့သည် ရွေးကောက်ခံအစိုးရနှင့် အဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက် သွားရန်နှင့် ရှေ့ဆက်လက်တွဲသွားရန် တိုက်တွန်းအပ်ပါသည်။

တိုင်းရင်းသားအဖွဲ့အစည်းများ

တိုင်းရင်းသားအဖွဲ့အစည်းများမှ ညီအစ်ကို၊ မောင်နှမများအား ပန်ကြားလိုသည်မှာ ယခုအချိန်သည် မိမိတို့ အားလုံး၏ ညီညွတ်မှုကိုပြသ၍ ဘိုးဘွားမိဘများ၊ ညီအစ်ကို၊ မောင်နှမ၊ မိတ်ဆွေ၊ သားချင်းများကို ကူညီစောင့်ရှောက်ရမည့် အချိန်ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှု၊ တန်ဖိုးထားမှုများကို ထိန်းသိမ်းလျက် အခြားတစ်ဖက်တွင်လည်း မတူညီမှုများကို ဘေးဖယ်ကာ ကျွန်ုပ်တို့၏ တစ်ခုတည်းသော ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ပြည်သူများအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော နေရာထိုင်ခင်းများကို ပံ့ပိုးပေးပြီး ပိုမိုတောက်ပသောအနာဂတ်၊ ငြိမ်းချမ်းသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရန် အားထုတ်ကြပါမည်။ မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များသည် မိမိတို့အား အထူးပင် လိုအပ်လျက်ရှိပါသည်။

လူထူအခြေပြုအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ

လူမှုရေးအသင်းအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများ မပါဝင်ဘဲ လူသားချင်းစာနာမှု အကူအညီ ပေးနိုင်ရေးရည်မှန်းချက်များ အောင်မြင်ရန်မဖြစ်နိုင်ပါ။ ပြည်သူသာလျှင် အဓိကဖြစ်ပြီး လူမှု‌ရေးအသင်း အဖွဲ့များ၊ လူထုအခြေပြုအဖွဲ့အစည်းများသည် ပြည်သူနှင့်အနီးကပ်ဆုံးတွင် ရှိနေသည့်အဖွဲ့အစည်းများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိုလုပ်ဆောင်ချက်များ ပိုမိုခိုင်မာလာမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

နောက်ဆုံးမွမ်းမံသည့်နေ့စွဲ။ ဇွန် ၁၁ရက်၊ ၂၀၂၁ခုနှစ်။