ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေပေးဖို့၊ ဘေးဒုက္ခရောက်နေတဲ့သူတွေကို ကယ်ဆယ်ဖို့ ကိုယ်ချင်းစာစိတ်က အရေးကြီးဆုံးပါ။
ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် ဖွဲ့စည်းထားသော လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ ၁၉၅၄ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် မွေးဖွားခဲ့သည်။
သူသည် ၁၉၈၀ ခုနှစ်တွင် ဆေးပညာဘွဲ့ နှင့် ၁၉၉၄ ခုနှစ်တွင် ဆေးပညာမဟာသိပ္ပံဘွဲ့(ကလေးကျန်းမာပညာ) တို့ကိုရရှိခဲ့ပြီး၊ ၂၀၀၆ ခုနှစ်တွင် ဆေးလက်တွေ့ ပါရဂူဘွဲ့(ကလေးကျန်းမာပညာ)နှင့် ဆေးပညာသင်ကြားရေးဒီပလိုမာတို့ကို ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ရရှိခဲ့သည်။ ၂၀၁၆ ခုနှစ် တွင် ဗြိတိန်နိုင်ငံ၊ ဂလပ်စကို တော်ဝင်သမားတော်များကောလိပ်၏အဖွဲ့ဝင် (FRCP Fellow of the Royal College of Physician from Glasgow, the United Kingdom (UK) အဖြစ် သတ်မှတ်ခြင်းခံရသည်။
နိုင်ငံ့ဝန်ထမ်းဘဝဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ လက်ထောက်ဆရာဝန် ရာထူးမှ အထူးကုဆရာဝန် (ကလေး ကျန်းမာ)၊ ထိုမှ တစ်ဆင့် ပါမောက္ခချုပ်ရာထူးအထိ အဆင့်ဆင့် ၂၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ဆေးတက္ကသိုလ်(မကွေး)၏ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်စဥ်ကာလအတွင်း ဆေးတက္ကသိုလ်(မကွေး)အား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization – WHO) Avicenna Directory နှင့် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိရန် စွမ်းဆောင်ပေးခဲ့သည်။
တက္ကသိုလ်များတွင် ဒီမိုကရေစီစံနှုန်းများ လိုက်နာကျင့်သုံးရန် မိတ်ဆက်ပေးခဲ့သူဖြစ်ပြီး ကျောင်းသူ ကျောင်းသားများအား နိုင်ငံတကာအတွေ့အကြုံများ ရရှိရန်လည်း ကြိုးပမ်းပေးခဲ့သည်။ တက္ကသိုလ်ကျောင်းသားများအတွက် ကျောင်းတွင်းအဆောင်များ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပထမဦးဆုံး ဆောင်ရွက်ပေးခဲ့သော ပါမောက္ခချုပ်လည်း ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပညာရေးဆိုင်ရာကော်မတီ၏ ဥက္ကဌအဖြစ် ၂၀၁၄ ခုနှစ် မှ ၂၀၁၅ ခုနှစ် အထိ တာဝန်ထမ်းဆောင် ခဲ့သည်။ သူသည် ပရဟိတလုပ်ငန်းများတွင် စိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး ကျေးလက်ကျန်းမာရေးနှင့်ပညာရေး ဖွံ့ဖြိုးရေးများ လုပ်ဆောင်ရန် “ကမ်းဆင့်လက်များ ပရဟိတအဖွဲ့” ကို တည်ထောင်ခဲ့ပါသည်။
နိုင်ငံ့ဝန်ထမ်းဘဝမှ အငြိမ်းစားယူပြီးနောက် ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ် ပါတီဝင်ဖြစ်လာခဲ့ပြီး နိုင်ငံရေး လောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ အမျိုးသားလွှတ်တော်အတွင်း ပညာရေးအဆင့်မြှင့်တင်ရေးကော်မတီ ဥက္ကဌအဖြစ် ခေတ္တ တာဝန် ထမ်းဆောင်ခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက် နေ့မှ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။
သူ၏ ဦးဆောင်မှုဖြင့် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးမှ အရပ်သားအုပ်ချုပ်သော အစိုးရအဖွဲ့သို့ အသွင်ကူးပြောင်း ပြီးနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် စွမ်းဆောင်ရည်မြင့်မားသော ဝန်ကြီးဌာနများတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များတွင် လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဥ်များ ပါဝင်ခဲ့သည်။ နိုင်ငံတော်အတွက် အရေးပါသည့် နေရပ်စွန့်ခွာဒုက္ခသည်များ ပြန်လည် နေရာချထားရေးလုပ်ငန်းစဥ်များ၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းခြင်း၊ မိုင်းအသိပညာပေးခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ၊ ဂျန်ဒါ တန်းတူညီမျှမှုရရှိရေး၊ ဂျန်ဒါ ခွဲခြားဆက်ဆံ၊နှိပ်ကွပ်မှုများ ပပျောက်ရေး၊ ကလေး၊ လူငယ်၊ အမျိုးသမီး၊ သက်ကြီး ရွယ်အိုနှင့် မသန်စွမ်းများအတွက် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ ဘေးအန္တရာယ် စီမံခန့်ခွဲရေး လုပ်ငန်းစဥ်များနှင့် သက်ဆိုင် သည့် အမျိုးသာအဆင့် ကော်မတီ နှင့် အဆင့်မြင့် အလုပ်ကော်မတီများတွင် ဥက္ကဌနှင့် ဒုဥက္ကဌများ အဖြစ် ထမ်းဆောင် ခဲ့သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီတွင် ဥက္ကဌ၊ ပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ရခိုင်ပြည်နယ် လူသားချင်း စာနာထောက်ထားရေး၊ ပြန်လည် နေရာချထားရေးနှင့် ဖွံ.ဖြိုးတိုးတက်ရေး ပြုထောင်စုအဆင့် စီမံကိန်း(UEHRD) တွင် ဒုဥက္ကဌ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)တွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန်များ ထမ်းဆောင်ခဲ့ပါသည်။
ကလေး၊ လူငယ်၊ အမျိုးသမီး၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုတို့၏ အခြေခံ အခွင့်အရေးများ အပါအဝင် လူသားများ၏ မွေးရာပါ အခြေခံအခွင့်အရေးများ၊လွတ်လပ်ခွင့်များနှင့် ပတ်သက်၍ အစိုးရ၏ ဦးဆောင် ဆောင်ရွက်သူများတွင် တစ်ဦး အပါအဝင်ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၅ ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်တွင်လည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ၁၅ – ၄ -၂၀၂၁ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ဆက်လက် တာဝန်ပေးအပ်ခြင်းခံခဲ့သည်။ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရအား ဖွဲ့စည်းပြီးနောက် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးခြင်း ခံရသည်။ ဒေါက်တာဝင်းမြတ်အေးတွင် အိမ်ထောင်ရှိပြီး၊ သားတစ်ဦး ရှိပါသည်။
- ပြည်သူမှပြည်သူသို့ ဝိုင်းဝန်းကူညီရေး တိုက်တွန်းနှိုးဆော်ခြင်း (၂၀၂၅ ခုနှစ်၊ ဧပြီ ၃)
- ၂၀၂၅ မတ်လ မြေငလျင်အကြောင်း
- AVERTING CATASTROPHE IN MYANMAR: COVID19, ECONOMIC COLLAPSE AND AN EFFECTIVE INTERNATIONAL RESPONSE (October 27, 2021)
- PVTV (April 28, 2021)
- CRPH (March 28, 2021)
- New Year Speech (January 1, 2022)
- အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၏ ဝန်ကြီးဌာနလုပ်ဆောင်ချက်များအကြောင်း ပြည်သူသို့ အစီရင်ခံခြင်း
- ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးနှင့် ပြင်သစ်ရောက် တော်လှန်ရေး မိသားစုများတွေ့ဆုံစဥ် ပြောကြားဆွေးနွေးချက်များ
- ၁၄၇ကြိမ်မြောက် IPU ညီလာခံ
