ကိုရီးယား လွှတ်တော်အမတ် ဂျီဆောင်းဟိုး (Ji Seong Ho)၊ ခရစ်ယာန် ဂိုဏ်းချုပ်ကြီး So Kang Suk၊ ကိုရီးယားရောက် မြန်မာကိုယ်စားလှယ်တို့နှင့် တွေ့ဆုံဆွေးနွေးပွဲ

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် မေလ ၃၁ ရက်နေ့က ကိုရီးယား လွှတ်တော်အမတ် ဂျီဆောင်းဟိုး (Ji Seong Ho)၊ ခရစ်ယာန် ဂိုဏ်းချုပ်ကြီး So Kang Suk၊ ကိုရီးယားရောက် မြန်မာကိုယ်စားလှယ်တို့အား အွန်လိုင်းမှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏လက်ရှိနေရပ်စွန့်ခွာရသူများ အခြေအနေနှင့် ပံ့ပိုးကူညီနိုင်ရေး၊ နေရပ်စွန့်ခွာရသူများအတွက် ခိုလှုံရာ စခန်းများ ဆောက်လုပ်လှူဒါန်းနိုင်ရေး၊ NUG အစိုးရကို တရားဝင် အသိအမှတ်ပြုရေး စသည့် ကိစ္စရပ်များကို ပြောကြားဆွေးနွေးခဲ့ကြသည်။

NUG အစိုးရနှင့် ကိုရီးယား လွှတ်တော် အမတ်များ၊ ခရစ်ယာန်ဂိုဏ်းချုပ်ကြီး နှင့် ကိုရီးယားရှိ မြန်မာ့အဖွဲ့အစည်းများသည် တွေ့ဆုံပွဲ ၃ ကြိမ်တိုင် ပြုလုပ်ခဲ့ပြီးဖြစ်ရာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ဖြင့် ကိုရီးယားနိုင်ငံသည် မြန်မာပြည်သူများလက်ရှိခံစားနေကြရမှုများနှင့် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို ပိုမိုသိရှိ နားလည်လာကြပြီ ဖြစ်သည်။ ကိုရီးယားလွှတ်တော်အမတ်များ၊ ကိုရီးယားပြည်သူများကလည်း ကိုယ်တိုင်ထပ်တူ ကြုံတွေ့ခံစားခဲ့ကြရသော အတိတ်သမိုင်းအရ ကိုယ်ချင်းစာကြပြီး မြန်မာနိုင်ငံတွင် စစ်ကောင်စီ ပြုတ်ကျရေး၊ မြန်မာ ပြည်သူများ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးတို့ကို ပိုမိုလျင်မြန်လာစေရန် ဆက်လက်၍ ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ပါသည်။