ဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် နိုင်ငံတကာရောက် မြန်မာပြည်သူများ၏ လူသားချင်းစာနာသည့်အလှူ

စစ်အာဏာရှင်၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူငယ်များနှင့် ပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ကြရပြီး စစ်ဘေးရှောင်များ အဖြစ် နယ်စပ်ဒေသများသို့ ရောက်ရှိနေကြပါသည်။ 

ထိုဘေးဒုက္ခခံစားနေကြရသော ပြည်သူများအတွက် နိုင်ငံတကာရောက် မြန်မာပြည်သူများက အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အတူ စုစုပေါင်း ငွေကျပ် ၆၅သိန်း တန်ဖိုးရှိ ဆေးဝါးနှင့် ဆေးပစ္စည်း ကိရိယာများကို အောက်ပါ အစီအစဥ်အတိုင်း စစ်ရှောင်စခန်းများသို့ ထောက်ပံ့ကူညီခဲ့ပါသည်။

ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ တစ်စုံလျှင် ငွေကျပ် ၄၅၀,၀၀၀/- ဖြင့် ကရင်ပြည်နယ်အတွက် ၅စုံ၊ ကချင်ပြည်နယ်အတွက် ၁ စုံ၊ မွန်ပြည်နယ်အတွက် ၁စုံ၊ ထိခိုက်ဒဏ်ရာကုသခြင်းဆိုင်ရာ ဆေးဝါးနှင့် အထောက်အကူပြု ပစ္စည်းများ တစ်စုံလျှင် ငွေကျပ် ၅၉၀,၀၀၀/- ဖြင့် ရန်ကုန်တိုင်းအတွက် ၁ စုံ၊ တိုင်းရင်းသားဒေသရှိ ဆေးရုံ တစ်ရုံအတွက် ဆေးဝါးများ၊ ခွဲစိတ်ခန်းနှင့် သားဖွားခန်းသုံး ကိရိယာများ၊ ECG စက်၊ သွေးချိုတိုင်းစက်၊ သွေးတွင်းအောက်စီဂျင်တိုင်းစက်၊ ချွဲစုပ်စက်၊ ဆေးငွေ့ရှူစက်များကို ပေးပို့လှူဒါန်းခဲ့ပါသည်။

ပြည်သူများ ဘေးဒဏ်မှ လွတ်မြောက်ပြီး ကိုယ်စိတ်ကျန်းမာကြပါစေ။ 

အရေးတော်ပုံအမြန်အောင်မြင်ပါစေ။