အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အလှူရှင်များအားပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို Scan Code ဖတ်၍ အစစ်/အတု စစ်ဆေးနိုင်သည့် ပုံစံအသစ်ဖြင့် ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ်သည်။
မှတ်တမ်း အတုအယောင်များ၊ ပုံမှားပုံဖျက်ပြုလုပ်မှုများ စသည့် မသမာမှုရန်များမှ ကာကွယ်ရန် ရည်ရွယ်၍ ဂုဏ်ပြုလွှာ မှတ်တမ်းပုံစံအသစ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှ စတင်ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်သည်။
ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်းများ
အဆင့် (၁) အလှုရှင်များအနေဖြင့် မိမိတို့လက်ခံရရှိလာသည့် ဂုဏ်ပြုမှတ်တမ်းလွှာတွင် ပါဝင်သော QR Code ကို ဖုန်းကင်မရာ/ QR scanner application ဖြင့် Scan ဖတ်ပါ။
အဆင့်(၂) Scan ဖတ်ချိန်တွင် ပေါ်လာသော URL Link verify.mohadm.nugmyanmar.org ကို နှိပ်ပါ။
အဆင့် (၃) လူသားစာနာ ဝန်ကြီးဌာနက ထုတ်ပေးသည့် ဂုဏ်ပြုမှတ်တမ်းဖြစ်ပါက အလှုရှင်နာမည်၊ လှူဒါန်းလိုသည့်ဒေသ၊ လှူဒါန်းလိုသည့် အကြောင်းအရာ၊ လက်ခံသည့် အဖွဲ့၊ ငွေကြေး ပမာဏ၊ ဂုဏ်ပြုမှတ်တမ်းနံပါတ်၊ ထုတ်ဝေသည့်ရက်စွဲများ ပေါ်လာမည် ဖြစ်ပါသည်။
အဆင့်(၄) QR Code (သို့) ဂုဏ်ပြုမှတ်တမ်း သည် အတုပြုလုပ်ထားခြင်း (သို့) ဆင်တူယိုးမှားပြုလုပ်ထားခြင်း (သို့) ပယ်ဖျက်ထားခြင်း ဖြစ်ပါက ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် မှတ်တမ်း မဟုတ်ပါ ဟု ပေါ်လာမည် ဖြစ်ပါသည်။
ယခုကဲ့သို့ အဆင့်(၄)ဆင့်ဖြင့် အလှုရှင်များကိုယ်တိုင် ဂုဏ်ပြုမှတ်တမ်းလွှာ အတု/အစစ်ကို ခွဲခြားစစ်ဆေးနိုင်မည် ဖြစ်သည်။ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်း အဆင့်ဆင့်ကို အောက်ဖော်ပြပါ ပုံများတွင် တစ်ပုံချင်း လေ့လာနိုင်ပါသည်။
ပြည်သူများအနေဖြင့် မှတ်တမ်း အတုအယောင်များ၊ ပုံမှားပုံဖျက်ပြုလုပ်မှုများ တွေ့ရှိပါက ဝန်ကြီးဌာန အီးမေးလ် [email protected] သို့ဆက်သွယ် တိုင်ကြားနိုင်ပါသည်။





