အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ အတွင်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်အတွင်းရှိ စစ်ရှောင်စခန်းတာဝန်ခံများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့များနှင့်တွေ့ဆုံ၍ လူသားချင်းစာနာမှု ကူညီထောက်ပံ့ငွေပံ့ပိုးပေးခဲ့ပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၃ ပတ်အကြာသွားရောက်ခဲ့သည့် ခရီးစဥ်အတွင်း မကွေးတိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်လူသားစာနာတာဝန်ခံများနှင့်တွေ့ဆုံရာတွင် လူသားစာနာဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများနှင့် ပြည်သူ့တော်လှန်ရေးအောင်မြင်နေမှုအခြေအနေများရှင်းပြခြင်း၊ စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ဘေးရှောင်ထောက်ပံ့ငွေကို မြို့နယ်ခေါင်းဆောင်များနှင့် မြို့နယ်လူသားစာနာတာဝန်ခံများထံ ပေးအပ်ကာ အားပေးစကားပြောကြားခြင်း၊ ဝန်ကြီးဌာနနှင့် မြို့နယ်လူသားစာနာ တာဝန်ခံများပူးပေါင်း၍ စာသင်ကျောင်းများ၌ ဗုံးခိုကျင်းများအား ကြည့်ရှု့စစ်ဆေးခြင်း၊ မြို့နယ် PDF တပ်ရင်းမှူးများနှင့် တွေ့ဆုံ၍ ပကဖ စစ်သင်တန်းတစ်ခုသို့လဲ သွားရောက်ကာ သင်တန်းသားများကို အားပေးစကားပြောကြားခြင်း၊ မြို့နယ်များ၌ ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် သူနာပြုသင်တန်းကျောင်း၊ စာသင်ကျောင်းများသို့ သွားရောက်ကာ မြေပြင်၌ ကိုယ်တိုင်ကိုယ်ကျ ပြည်သူ့အကျိုးဆောင်ရွက်ပေးနေကြသည့် ဆရာဝန်များ၊ ကျောင်းဆရာ/မများ၊ ကျောင်းသူ/သားများအား ကျေးဇူးတင်စကား၊ အားပေးစကားပြောကြားခဲ့ခြင်း၊ နေအိမ်မီးရှို့ခံရသည့် ရွာတစ်ရွာတွင် ပြည်သူများနှင့်တွေ့ဆုံ၍ ပြည်သူများသတ်ဖြတ်ခံရလျက် အိုးအိမ်များမီးရှို့ဖျက်ဆီးခံနေရမှုများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းနှင့် တော်လှန်ရေးအောင်မြင်မှုများအကြောင်းရှင်းပြကာ နှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။
ထို့အပြင် မျက်စိနှစ်ဘက်လုံးနှင့် လက်တစ်ဘက်ဆုံးရှုံးရသည့် ရဲဘော်တစ်ဦးထံ သွားရောက်လည်ပတ်ကာ ကူညီပံ့ပိုးငွေပံ့ပိုးခဲ့ခြင်း၊ ကျဆုံးရဲဘော်တစ်ဦး၏ ရက်လည်တရားနာ ဆွမ်းသွတ်အစီအစဉ်တွင်ပါဝင်ဆောင်ရွက်ခြင်း၊ ခရစ်စမတ်နေ့ရက်နှင့် နှစ်သစ်ကူးရက်များ၌ ရောက်ရှိသည့်မြို့နယ်များအတွင်းရှိ ပြည်သူများနှင့်တသားတည်း ခရစ်စမတ်ပွဲ၊ နှစ်သစ်ကူးပွဲများတွင် ပါဝင်ဆင်နွဲခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ပြည်သူများထံ အစီရင်ခံသတင်းထုတ်ပြန်အပ်ပါသည်။



