၂၀၂၂ခုနှစ် ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာန၏ ထောက်ပံ့ ဆောင်ရွက်မှုများ အကျဥ်းချုပ်

📌အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၂၂ခုနှစ် ဒီဇင်ဘာလတွင် လူသားချင်း စာနာမှု အကူအညီများ အတွက် ငွေကျပ် (၆၁၆.၇၇) သန်း ထောက်ပံ့ပေးပို့နိုင်ခဲ့ပါသည်။
❄️ဒီဇင်ဘာလအတွင်း အပူချိန်ကျဆင်းလာပြီး အေးလာသဖြင့် စစ်ဘေးရှောင် ပြည်သူများအတွက် အနွေးထည်နှင့် စောင် ထောက်ပံ့မှုများကို ပြုလုပ်ခဲ့သည်။ ထို့အပြင် လမ်းဖောက်ရန်အတွက် ထောက်ပံ့မှု၊ စစ်ကောင်စီတပ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် ယာယီခိုလှုံနေထိုင်နိုင်သည့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း စီမံချက်နှင့် ကျောင်းများတွင် ယာယီဗုံးခိုကျင်း တည်ဆောက်ရေး စီမံချက်တို့ကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက် ရှိသည်။အကြမ်းဖက် စစ်ကောင်စီကြောင့် အဘက်ဘက်မှ ဘေးဒုက္ခ ခံစားနေရသော ပြည်သူများနှင့် ပြည်သူ့ဝန်ထမ်းများအား အရေးပေါ် ထောက်ပံ့ကူညီပေးခြင်းကို သက်ဆိုင်ရာ မြေပြင်အဖွဲ့များနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲလျက် ဦးစားပေး ကူညီမှုများကို ပုံမှန် ပြုလုပ်လျက်ရှိပါသည်။
💣စစ်ကောင်စီတပ်များ၏ ဖိနှိပ်မှုဒဏ်ကို အဓိက ခံစားနေရသော ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခ အခြေအနေအတွင်း ဆောင်ရန်/ရှောင်ရန်များ၊ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လေကြောင်းဒဏ်အန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
❤️‍🩹စိတ်လူမှုဝေဒနာများ လျော့ပါး သက်သာစေရန်နှင့် စိတ်လူမှုအထောက်အပံ့ဖြစ်စေရန် Mind healers စိတ်ခွန်အားပေးသူများ Facebook စာမျက်နှာမှတဆင့် နှစ်သိမ့်ဆွေးနွေးခြင်းအစီစဥ်ကိုလည်း ပြုလုပ်ပေးလျက်ရှိပါသည်။
🫶ဝန်ကြီးဌာန၏ ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီးအမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်း ပြည်သူများ နှင့် အလှူရှင်များကို အထူးကျေးဇူးတင်ရှိပါသည်။
📌လူသားချင်းစာနာမှု အကူအညီများသည် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းများဖြစ်ပြီး နိုင်ငံတကာမှ လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက်လည်း ဆက်လက် ဆောင်ရွက်နေပါသည်။ထောက်ပံ့မှု အသေးစိတ် အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို ပုံတစ်ပုံချင်းတွင် လေ့လာကြည့် ရှုနိုင်ပါသည်။