လူသားမဆန်သူ၊ လူသားကျင့်ဝတ် စောင့်စည်းမှု မရှိသူတို့အတွက် လူ့အဖွဲ့အစည်း၌နေရာမရှိ။ ယနေ့ခေတ် လူ့အသိုင်းအဝန်းသည် မတရားမှုကျူးလွန်သူကိုသာမက မတရားမှုကိုအားပေးအားမြှောက်ပြုလုပ်သူတို့ကိုလည်း လက်ခံမှုမပြုကြတော့ပေ။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ခဲ့သော ကြေညာချက်သည် လူအခွင့်အရေးကို ချိုးဖောက်သူ၊ လူသားမဆန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သူ စစ်အာဏာရှင်တို့အတွက် မိမိတို့ပြန်လည်ခံစားရမည့် ပြစ်ဒဏ်များကိုသုံးသပ်ရန်အတွက် သတိပေးချက်လည်းဖြစ်ပေသည်။
အလှည့်ကျရရှိထားသည့် အာဆီယံအခွင့်အာဏာအား အသုံးချလျက် မြန်မာစစ်ကောင်စီအား အသိအမှတ်ပြုမှုပေးရန်အတွက် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်၏ ကြိုးပမ်းမှုကို ကမ္ဘောဒီးယား ပြည်သူများက ရှုံ့ချကြောင်းနှင့် ဤလုပ်ရပ်သည် ကမ္ဘောဒီးယားနိုင်ငံအား ကိုယ်စားမပြုကြောင်း သတိပေးကြေညာလိုက်ခြင်းပင် ဖြစ်ပါသည်။
မြန်မာစစ်ကောင်စီသည် ယခုအချိန်၌ ကုလသမဂ္ဂနှင့် နိုင်ငံတကာ ခုံရုံးများ၌ လူသားချင်းစာနာမှုကင်းမဲ့သော စစ်ရာဇဝတ်မှုများစွာကျူးလွန်ထားသည့် ရာဇဝတ်သားအဖြစ် စိစစ်မှုများခံယူရမည့် အကြမ်းဖက်အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ၎င်းတို့အား အသိအမှတ်ပြု အားပေးရန်ကြိုးစားပါက လူသားမျိုးနွယ်တစ်ရပ်လုံးက အကြမ်းဖက်အားပေးသူအဖြစ် ရှုံ့ချခြင်းကို မလွဲမသွေကြုံရပေလိမ့်မည်။
သို့ဖြစ်ရာ လူ့အသိုင်းအဝန်းက လက်သင့်မခံသော စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှသာမက ကမ္ဘာပေါ်၌ ရာသက်ပန်ပျောက်ပျက်သွားစေရန် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဆွေများအနေဖြင့် မြန်မာပြည်သူတို့နှင့်အတူဆက်လက်ရပ်တည်ပေးခြင်းဖြင့် လူသားဆန်သော လူ့အသိုင်းအဝန်းများ ကမ္ဘာအနှံ့ပေါ်ပေါက်လာမည်ပင်ဖြစ်ပါသည်။ကမ္ဘာပေါ်ရှိ စစ်အာဏာရှင်တို့၏ နေ့ရက်များ အမြန်ဆုံးကုန်ဆုံးစေဖို့ ပြည်သူ့အရေးတော်ပုံ၌ ပူးပေါင်းပါဝင်ပေးကြပါစို့။
မြန်မာနှင့် ကမ္ဘောဒီးယား အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ပူးတွဲထုတ်ပြန်စာအား အောက်ပါလင့်တွင် မြန်မာ၊ အင်္ဂလိပ်၊ ခမာ သုံးဘာသာဖြင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://bit.ly/JSHunSen