ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီများ ပံ့ပိုး ပေးလျက်ရှိ

အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဖိနှိပ်မှုများကြောင့် ကချင်ပြည်နယ် အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် အိမ်ထောင်စု(၁၄၀)မှ လူဦးရေ(၅၆၀)ဦး အတွက် ငွေသားထောက်ပံ့မှုအနေဖြင့် တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၅,၀၀၀)၊ စောင်၊ ခြင်ထောင်၊ မွေ့ယာ၊ တဘက်များ ပါဝင်သည့် Household Kits များနှင့် ဆပ်ပြာ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းပါဝင်သည့် Hygiene kits များကို လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့အပြင် စစ်ဘေးရှောင်စခန်းများတွင် ယာယီနေထိုင်နေကြရသည့် ကျောင်းနေအရွယ်ကလေး (၂၀၀)ဦးအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သည့် ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပေတံ၊ ခဲဖျက် စသည်တို့ကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။