ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
၂၀၂၁ခုနှစ်၊ ဧပြီလ (၁၆)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီး ဌာန၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး-ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး-နော်ထူးဖော နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ထာဝရငြိမ်းချမ်းမှုရရှိ ရေး၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ပန်းတိုင်ကို အားလုံးက အသက် ပေး ဆောင်ရွက်နေကြခြင်း ဖြစ်သည့်အတွက် သွေးမကွဲပဲ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် စစ်အာဏာရှင်၏ မတရားအာဏာသိမ်းယူမှုနှင့် အကြမ်းဖက် လုပ်ရပ်များကြောင့် ထိခိုက်ခံစားခဲ့ရသူများနှင့် ယခင်နှစ်ပေါင်း(၇၀)နီးပါးခန့် တိုင်းရင်း သားများနှင့် လူနည်းစုများ၏ ထိခိုက်ခံစားခဲ့ရမှုများအတွက် လူသားချင်းစာနာမှု အကူအညီများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို သာတူညီမျှ ခံစားရရှိစေရေး အတွက် ရေးဆွဲထားသည့် ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ စံတန်ဖိုးများ၊ မဟာဗျူဟာ လုပ်ငန်းစဉ်နှင့် ဦးစားပေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဖယ်ဒရယ် စံနစ်နှင့် အညီဖြစ်စေရေး ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။
ထို့အပြင် ပြည်သူ့အတွက် ဝန်ဆောင်မှုများကို မြေပြင်တွင် ထိထိရောက်ရောက် ဖော်ဆောင်ပေးနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ချိတ်ဆက် ပူးပေါင်းမှု များကို ဖော်ဆောင်နိုင်ရေး၊ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များသည် ဖက်ဒရယ်ဒီမို ကရေစီ နိုင်ငံတော်သစ် တည်ထောင်ရာတွင် အထောက်အပံ့ကောင်း ဖြစ်စေရေး၊ လက်တွေ့ အကောင် အထည်ဖော်နိုင်မှုနှင့် စုပေါင်း ပါဝင်နိုင်မှုကို ဦးစားပေးသည့် ဌာနတွင်း ဖွဲ.စည်းပုံပေါ်ပေါက် ရေးဆွေးနွေးခဲ့ကြသည်။၄င်းလုပ်ငန်းစဥ်များ အကောင်အထည်ဖော်ရာတွင်လည်း အကူအညီလိုအပ်နေသည့် ဒေသများအား အထောက်အပံ့များ ပေးပို့နိုင်ရန် စီမံချက်များ ရေးဆွဲရာတွင်လိုအပ်သည့် Need Assessment များ နှင့် Costed Plan များရရှိရန် ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ ကြပါသည်။