၁။ အာဆီယံဥက္ကဋ္ဌ၊ မလေးရှားနိုင်ငံက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ အနောက်ခြမ်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံအပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃၁ ဦး သေဆုံး၍ ၇၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် အလွန်စိုးရိမ်ပူပန်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်းကို ယနေ့ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ပါသည်။
၂။ ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အရပ်သားပြည်သူများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို ဦးတည် တိုက်ခိုက်ခြင်းသည် အာဆီယံပဋိဉာဏ်ပါ အခြေခံစည်းမျဥ်းများကိုလည်း လေးစားလိုက်နာမှုမရှိဘဲ လက်မခံနိုင်သည့် လုပ်ရပ်တစ်ခု ဖြစ်ပါသည်။
၃။ ထိခိုက်ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်သက်သာလာစေရန် ဆုမွန်ကောင်းတောင်းပေးပြီး အဆိုပါဖြစ်စဥ်အတွင်း ကျဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုများနှင့် ထိခိုက်ခံစားရသူများအတွက် လေးလေးနက်နက် စာနာနားလည်ပြီး လွန်စွာ ဝမ်းနည်းကြေကွဲကြောင်း ဖော်ပြအပ်ပါသည်။
၄။ အာဆီယံအနေဖြင့် အရပ်သားပြည်သူများအားလုံးနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက် အအုံများ ဘေးကင်းလုံခြုံရေးအတွက် အဆိုပါနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား အမြန်ဆုံး ရပ်တန့်ရန်နှင့် အရပ်ဘက်-စစ်ဘက်ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက ထိရောက်စွာလုပ်ဆောင်ပေးရန် တိုက်တွန်းပါသည်။
၅။ ထို့အပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံတဝှမ်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ ဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်းသည့် ကြေညာချက်တစ်ရပ်ကိုလည်း အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံ တိုက်တွန်းပါသည်။
၆။ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ၏ ဘုံသဘောတူညီချက် (၅)ရပ်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေကို ရောက်ရှိစေနိုင်ရေးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြေရှင်းနည်းများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းလုံခြုံတည်ငြိမ်သည့် အာဆီယံဒေသဖြစ်ပေါ်လာစေရန် ထပ်မံတိုက်တွန်းပါသည်။
