၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူသားချင်းစာနာမှုအကူအညီ ပံ့ပိုးပေးမှုများ

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀

ယခုရက်ပိုင်းအတွင်း တော်လှန်ပြည်သူများအတွက် မင်္ဂလာရှိသော အားတက်ဖွယ်ကောင်းသော သတင်းများနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၄၀၆.၅)သန်း ကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါကြောင်း အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် တင်ပြလိုပါသည်။

အဆိုပါ ငွေကျပ် (၄၀၆.၅)သန်းကို အောက်ပါကဏ္ဍများ၌ အသုံးပြုခဲ့ပါသည်-

၁) နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ/စစ်ဘေးရှောင်ပြည်သူ (၁၅၄,၂၀၀) ဦး၏ အရေးပေါ်စားနပ်ရိက္ခာအတွက် ငွေကျပ် (၂၉၀.၁) သန်း

၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၂၅၇) ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ (၃၈၈) ဦးအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၄၆.၈) သန်း

၃) CDM ဝန်ထမ်းများအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅.၅) သန်း

၄) နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့မိသားစုဝင်များအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၁.၃) သန်း

၅) ပြည်သူများအတွက် စားနပ်ရိက္ခာကြိုတင်စီစဉ်မှု၌ ငွေကျပ် (၉.၈) သန်း

၆) အထွေထွေ လူသားချင်းစာနာမှုအကူအညီအဖြစ် ငွေကျပ် (၅၃.၂) သန်း

၇) မီးရှို့ခံရသည့်နေအိမ်များထဲမှ လုံခြုံစိတ်ချရသည့်နေရာတွင် ဆောက်လုပ်နိုင်သည့် နေအိမ် (၄၆) လုံးကို ယာယီတဲဆောက်လုပ်ပေးခြင်း စသည်တို့ကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ဝန်ကြီးဌာန၏ မတ်လ (၁) လတာ ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံတင်ပြရင်း တော်လှန်ရေးကာလ (၃) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှုပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်း၏ လုပ်ဆောင်ချက်များ၊ ထားရှိသည့်စိတ်ဓာတ်များကို လေးစားဂုဏ်ယူမိပါသည်။