လူသားစာနာဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့အထိ (၁) နှစ်တာကာလအတွင်း လူသားချင်းစာနာမှုအကူအညီ ပံ့ပိုးပေးမှုအခြေအနေ

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့ အထိ (၁) နှစ်တာကာလအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅.၁၂)ဘီလီယံကျပ် ကို တော်လှန်ရေးတွင် အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

အဆိုပါ ငွေကျပ် (၅.၁၂) ဘီလီယံကျပ်အား ခွဲဝေပံ့ပိုးရာတွင် ဝန်ကြီးဌာန၏ ဦးစားပေးကဏ္ဍကြီး (၈)ခုဖြစ်သော

(၁) အကြမ်းဖက်စစ်တပ်ကြောင့် နေအိမ်မီးရှို့ခံရသည့် ဒေသခံ ပြည်သူများနှင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် နေရပ်စွန့်ခွာပြည်သူများ၊

(၂) တော်လှန်ရေးတွင် ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊

(၃) အကူအညီလိုအပ်နေ သော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊

(၄) အာဏာဖီဆန် CDM နိုင်ငံ့ဝန်ထမ်းများ၊

(၅) သဘာဝဘေးဒဏ်ခံရသူများ၊

(၆) နိုင်ငံရေးအကျဉ်းသားများနှင့်မိသားစုဝင်များ၊

(၇) သဘာဝဘေးအန္တရာယ်ကြောင့်ထိခိုက်ခံစားရသူများ၊

(၈) အကြောင်းအမျိုးမျိုးကြောင့် လူသားချင်းစာနာမှု အကူအညီလိုအပ်သူများအတွက် ထောက်ပံ့ပေးခဲ့ပါသည်။

တစ်နှစ်တာကာလအတွင်း အရေးကြီးသည့် ဆောင်ရွက်ချက်များ အနေဖြင့် ဝန်ကြီးဌာနက ပြည်သူမှပြည်သူ အလှူငွေကိုအသုံးပြု၍ တစ်လလျှင်ပျမ်းမျှနေရပ်စွန့်ခွာပြည်သူ (၃၄၀,၀၀၀) ဦးခန့်ကို ထောက်ပံ့နိုင်သည့်အတွက် တစ်နှစ်အတွင်း

၁) စုစုပေါင်း အကျိုးခံစားခွင့်ရှိသူ (၄)သန်းကျော်ကို ထောက်ပံ့နိုင်ခဲ့ခြင်း

၂) ထိတွေ့တိုက်ပွဲများ၌ ကျဆုံးခဲ့ရသည့် သူရဲကောင်းပြည်သူ (၃,၁၄၃) ဦး

၃) ထိခိုက်ဒဏ်ရာရရှိသည့် ပြည်သူ/ရဲဘော် (၃,၁၅၃) ဦးတို့ကို အရေးပေါ် လူသားချင်းစာနာ မှုအကူအညီများပံ့ပိုးခြင်း

၄) မီးရှို့ခံရသည့် နေအိမ်များထဲမှ နေအိမ် (၁,၀၁၀) လုံးကို ယာယီတဲ ပြန်လည်တည်ဆောက်ပေးခြင်း

၅) မိုးတွင်းကာလနှင့် ဆောင်းတွင်းကာလများတွင် အမိုးအကာလိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများကို မိုးကာစ (တာပေါ်လင်စ) (၉,၄၃၂) ခု ပံ့ပိုးပေးခြင်း

၆) လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဗုံးခိုကျင်း (၇၃၀) ကျင်း တူးနိုင်ရန် ဆောင်ရွက်ပေးခြင်း

၇) ၂၀၂၃ ခုနှစ်၊ မေလအတွင်း တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းဘေး အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်ခြင်းအဖြစ် ငွေကျပ်သန်း (၃၃၇) သန်းထောက်ပံ့ခဲ့ခြင်း

၈) စစ်ရှိန်မြင့်ဒေသများဖြစ်သည့် (စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်းနှင့် ကရင်နီ) ဒေသတို့ရှိ လူသားစာနာတာဝန်ခံ (၆၀) ဦးကို အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းပေး၍ ၎င်းတို့မှတဆင့် ဆင့်ပွားသင်တန်း အကြိမ်ရေ (၈၉)ကြိမ်၌ လူဦးရေ (၈,၈၂၇) ဦးကို မြေပြင်သင်တန်း ပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။

တော်လှန်ရေးကာလ (၃) နှစ်တာအတွင်း တော်လှန်ရေးအောင်မြင်နိုင်ရေးကိုသာ ရှေးရှု့ပြီး အဖက်ဖက်အကြပ်အတည်းများကြားမှ ကြံ့ကြံ့ခံကာ ပါဝင်တော်လှန်နေသော ပြည်သူတစ်ဦးချင်းစီတိုင်းကို လေးစားဂုဏ်ယူမိပါကြောင်းနှင့် အစိုးရနှင့်ပြည်သူအကြား အချင်းချင်း အားပေးအားယူ ပြုနိုင်ရန်အတွက် (၁) နှစ်တာကာလအတွင်း ပံ့ပိုးပေးနိုင်ခဲ့မှု အခြေအနေများကို အစီရင်ခံ တင်ပြလိုက်ပါသည်။