အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထု ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးဆိုင်ရာ ဆင့်ပွားသင်တန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသား မဟာမိတ်တပ်ဖွဲ့များ ဟန်ချက်ညီညီ စစ်ဆင်ရေးဖော်ဆောင်နေသည့် ဒေသများ၌ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအပေါ်သို့ ဖျက်အားပြင်းဗုံးများဖြင့် လေကြောင်းမှပစ်ခတ်ခြင်း၊ မြေမြှုပ်မိုင်းအသုံးပြုခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခြင်း စသည့် စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများကို လုပ်ဆောင်နေသည်မှာ နေ့စဉ်နှင့်အမျှဖြစ်ပါသည်။ မြေပြင်သတင်းများအရ စစ်ကောင်စီက လေကြောင်းအသုံးပြု၍ အပြစ်မဲ့ပြည်သူများရှိရာ ကျေးရွာများအပေါ်သို့ (၅၈၃)ကြိမ်တိုင်အောင် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူ (၈၉၇)ဦး၊ ဘာသာရေးအဆောက်အအုံ (၇၆)ခုနှင့် စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့ပြီး ဖြစ်ပါသည်။ သေဆုံးပြည်သူများအနက် အသက် ၁၈ နှစ်အောက်ကလေးသူငယ် (၆၂၇)ဦးနှင့် အမျိုးသမီး (၁,၀၁၇)ဦးလည်း ပါဝင်‌နေပါသည်။

ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီက မိမိတို့တည်နေရာလုံခြုံရေးနှင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချရေးတို့အတွက် အစီအမံများကို သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်နီပြည်နယ်တို့ရှိ မြေပြင်ရှိ လူသားစာနာတာဝန်ခံများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ရပ်ရွာလူထုဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရည်မြှင့်တင်ရေးဆိုင်ရာ နည်းပြသင်တန်းကို (၃)ရက်တာ ပြုလုပ်ပေးခဲ့ပါသည်။

အဆိုပါသင်တန်း၌ လေကြောင်းရန်နှင့် လက်နက်ကြီးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြေမြှုပ်မိုင်းအပါအဝင် စစ်လက်နက်ပစ္စည်းနှင့် ဓာတုလက်နက်ပစ္စည်း အန္တရာယ် အသိပညာပေးခြင်း၊ လက်နက်ကိုင်ပဋိပက္ခအခြေအနေတွင် ရှေးဦးသူနာပြုစုခြင်းနည်းများ၊ စိတ်လူမှုခွန်အားပေးအစီအစဉ်နှင့် Safety for Humanitarians စသည့် သင်ခန်းစာများကို မျှဝေပို့ချခဲ့ပါသည်။

လက်ရှိအချိန်ထိ သင်တန်းတက်ရောက်ခဲ့သည့် မြို့နယ် (၂၃)မြို့နယ်မှ လူသားစာနာတာဝန်ခံများက မိမိတို့မြို့နယ်အလိုက် အရပ်သားထိခိုက်မှု လျှော့ချရေးအတွက် ကြိုတင်ပြင်ဆင်ထားနိုင်ရန်ဆင့်ပွား သင်တန်းများကို မြေပြင်တွင် ပို့ချဆောင်ရွက်လျက်ရှိရာ သင်တန်းအကြိမ်ရေ (၈၂)ကြိမ်အတွင်း ဒေသခံပြည်သူ (၈,၀၃၆)ဦးကို အသိပညာများ လက်ဆင့်ကမ်း မျှဝေပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။