“နွေဦးလွန်မှ ငြိမ်းမည့်မီး”

ဒီဇင်ဘာလ (၁၃) ရက်နေ့  ဆောင်းမနက်ခင်း သည် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ကဲဘာကျေးရွာ ပြည်သူတို့အတွက် မျက်ရည်ကျရလောက်အောင်ပင် ပူပြင်းသော အပူကို ယူဆောင်လာခဲ့သည်။ အကြမ်းဖက် စစ်ကောင်စီ တပ်များနှင့် လက်ပါးစေပျူစောထီးအဖွဲ့ဝင်များသည် ကဲဘာကျေးရွာအား လက်နက်ကြီးများဖြင့် အဆင်ခြင်မဲ့ ပစ်ခတ် တိုက်ခိုက် စီးနင်းပြီးနောက်  ကျေးရွာနေ ပြည်သူတို့၏ ရိက္ခာများကို ခိုးယူသုံးစွဲခြင်း၊ နေအိမ် ၁၀၀ ကျော်အား မီးရှို့ ဖျက်စီးခြင်း တို့ကို လူမဆန်စွာကျူးလွန်ခဲ့ကြပါသည်။

မီးလောင်ပြင် အပျက်အစီးများကြား ပူဆွေးသောကရောက်နေရရှာသော အပြစ်မဲ့သူ ဒေသခံမြန်မာပြည်သူတို့၏ ဝမ်းနည်းဖွယ်ရာပုံရိပ်များကို ဒေသအတွင်းနှင့် နိုင်ငံတကာ မီဒီယာစာမျက်နှာများထက်၌ ယခုကာလများတွင် မကြာခဏ ဆိုသလို တွေ့မြင်နေရပြီလည်း ဖြစ်ပါသည်။ အကြမ်းဖက် စစ်တပ်သည် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင်လည်း အလားတူ မီးရှို့ဖျက်စီးမှုများကို နိုဝင်ဘာလ (၂၈)ရက်နေ့၌ အဆင်ခြင်မဲ့ ကျူးလွန်ခဲ့ပါသေးသည်။

ကျေးရွာများသာမကပဲ လူနေထူထပ်သော မြို့များသည်လည်း စစ်ကောင်စီ၏ မီးမြှိုက်ရက်စက်မှုဒဏ်မှ မလွတ်ကင်း နိုင်ခဲ့ပါ။ ချင်းပြည်နယ် ထန်တလန်မြို့လေးသည် ၎င်းတို့၏ လူမဆန်စွာ မီးမြှိုက်မှုကို သုံးကြိမ်တိုင်တိုင်ခံခဲ့ရပြီး လူနေ တိုက်တာအိုးအိမ်များ ရာချီ၍ ပျက်စီးဆုံးရှုံးခဲ့ရပါသည်။ စည်ကားလှပသော တောင်ပေါ်မြို့လေးတစ်ခုအဖြစ်မှ လူနေထိုင်ခြင်း မရှိတော့သည့် မြို့ပျက်တစ်ခုအဖြစ်သို့ အချိန်တိုအတွင်း ပြောင်းလဲသွားခဲ့ရသည်ကို ကမ္ဘာတဝှမ်းက မြင်တွေ့ရပြီးလည်း ဖြစ်ပါသည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ ပဋိပက္ခကာလများ၌ လက်နက်ကိုင်တပ်များသည် အရပ်သားများနှင့်ပတ်ဝန်းကျင်အား ထိခိုက်မှုကြီးမားစေသော လက်နက်များ နှင့် စစ်ရေးနည်းလမ်းများကို ရှောင်ရှားရမည်ဟု အတိအလင်း ဖော်ပြတားမြစ်ထားပါသည်။ သို့သော်လည်း အာဏာရှင်တို့ခေါင်းဆောင်သည့် စစ်တပ်အဖွဲ့အစည်းသည် အရပ်သားများစွာတို့ ထိခိုက်နစ်နာစေနိုင်သည့် လေကြောင်းတိုက်ခိုက်မှုများနှင့် မြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်းတို့ကို မကြာခဏဆိုသလို အဆင်အခြင်မဲ့  ကျူးလွန်လေ့ရှိပါသည်။

၎င်းတို့အား ပြည်သူကိုယ်စားပြု အမျိုးသားညီညွတ်ရေးအစိုးရ NUG မှ အကြမ်းဖက်အဖွဲ့အဖြစ် တရားဝင်ထုတ်ပြန် ကြေညာထားပြီးလည်း ဖြစ်ပါသည်။ အကြမ်းဖက်အဖွဲ့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို စနစ်တကျစာရင်းပြုစုကာ အထောက်အထားများနှင့်တကွ နိုင်ငံတကာ ခုံရုံးများတွင် တရားစွဲဆိုခြင်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နေလျက်ရှိပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သူများကို ထိုက်သင့်သော အပြစ်ဒဏ်များ ချမှတ်ပြီး အရေးယူဆောင်ရွက်သွားမည်လည်း ဖြစ်ပါသည်။

NUG အစိုးရအနေဖြင့် နေအိမ်ပိုင်ဆိုင်မှုပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံခံစားခဲ့ကြရသော ပြည်သူတို့၏ နစ်နာမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ စတင်ဖော်ဆောင်နိုင်ချိန်၌ စနစ်တကျ အစီအမံများဖြင့် ပံ့ပိုးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာထားပြီးလည်းဖြစ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ တည်ရှိနေသရွေ့ ယခုကဲ့သို့ မြို့ရွာများ မီးမြှိုက်နှိပ်စက်ခံရမည့်ဘေးမှ ကင်းဝေးနိုင်မည် မဟုတ်သည့်အပြင်၊ ဆွေမျိုးသားချင်းများဆုံးရှုံးရ၍ အဖန်ဖန်ငိုကြွေးနေရသော ပြည်သူတို့၏ ပရိဒေဝ အပူမီးများလည်း ငြိမ်းနိုင်လိမ့်မည် မဟုတ်ပါ။

သို့ဖြစ်ရာ ပြည်သူတဦးတယောက်ချင်း အနေဖြင့် စစ်ကောင်စီအား ဆန့်ကျင်သည့် နည်းလမ်းမျိုးစုံကို မိမိစွမ်းနိုင်သည့် အလျောက် တထောင့်တနေရာမှ ပါဝင်အားဖြည့်ပေးခြင်းဖြင့် နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို မြှင့်တင်နိုင်မည်ဖြစ်ပြီး အောင်မြင်မှုပန်းတိုင်သို့ရောက်ရှိနိုင်မည်လည်းဖြစ်ပါသည်။

အရေးတော်ပုံ အောင်တော့မည်။        ။

ဒေါက်တာ ဝင်းမြတ်အေး