အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (ဒီဇင်ဘာလ ၃ရက်)

“ကိုဗစ် ၁၉ အလွန် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံဖြိုးတိုးတက်မှုရှိသော ကမ္ဘာကြီးကို မျှော်မှန်းတည်ဆောက်ရာတွင် မသန်စွမ်းသူများ၏ ဦးဆောင်နိုင်မှုနှင့် ကိုယ်တိုင် လက်လှမ်းမီ ပါ၀င်နိုင်မှုတို့ကို အလေးထားရန်”

မြန်မာနိုင်ငံအနေဖြင့် မသန်စွမ်းသူများကို လူ့အသိုက်အဝန်းအတွင်း အပြည့်အဝ ပါဝင်ဆောင်ရွက်ခွင့်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အများနည်းတူ ရရှိခံစားပိုင်ခွင့် ရရှိစေရေး အပြင် မသန်စွမ်းသူများ ကြုံတွေ့ခံစားနေရသော မညီမျှမှုများကို လျှော့ချနိုင်ရေးအတွက် ရည်ရွယ်သော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities- UNCRPD) နှင့်အညီ  မသန်စွမ်းသူများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်နှင့် လူ့အဖွဲ့အစည်းတွင် အများနည်းတူပါဝင်ဆောင်ရွက်နိုင်ရန် ပြည်သူ့အစိုးရ လက်ထက်တွင် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။  မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)တို့ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ (၂၀၁၆-၂၀၂၅) ကိုလည်းရေးဆွဲ၍ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်မှ စတင်ကာ ကမ္ဘာတစ်ဝှမ်း၌ ဖြစ်ပွားခဲ့ရာ မသန်စွမ်းသူများသည် သာမန်လူများထက် ပို၍ စိန်ခေါ်မှုများစွာကို ရင်ဆိုင် ကြုံတွေ့ကြရပါသည်။ ထိုကဲ့သို့သောအချိန်တွင် အကြမ်းဖက် စစ်အာဏာရှင်သည် နိုင်ငံတော်၏အာဏာကို ပြည်သူ့အစိုးရထံမှ တရားမဝင် သိမ်းယူခဲ့ခြင်းကြောင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာ အကျပ်အတည်းများကို ထပ်မံခံစားရသည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူလူထုအား အင်အား အလွန်အကျွံသုံး နှိမ်နင်းခြင်း၊ ဥပဒေမဲ့ ဖမ်းဆီးထောင်ချခြင်းနှင့် အကျဉ်းထောင်များနှင့် စစ်ကြောရေး စခန်းများတွင် အသက် သေဆုံးသည့်တိုင် ညှင်းပန်းနှိပ်စက်မှုခံရသူများတွင်လည်း မသန်စွမ်းသူများ ပါဝင်ခဲ့ပါသည်။ မိသားစုဝင်များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများအပေါ် ခြိမ်းခြောက်နှိပ်စက် ဖမ်းဆီးခြင်း၊ အိုးအိမ်နှင့် ပိုင်ဆိုင်ပစ္စည်းများကို ခိုးယူဖျက်ဆီးခြင်းများကို ပြုလုပ်ခံရသူများတွင်လည်း မသန်စွမ်းသူများပါ ပါဝင်နေပါသည်။ ဖမ်းဆီးခံထားရသည့် မသန်စွမ်းသူအချို့သည် အာမခံမရကြသကဲ့သို့ ရှေ့နေငှားရမ်း၍ ခုခံချေပခွင့်‌များပါ ဆုံးရှုံးနေရသည့် မသန်စွမ်းသူများစွာ ရှိနေပါသည်။

စစ်ကောင်စီက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေအရ တရားရုံးများနှင့် အချုပ်များတွင် မသန်စွမ်းများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးရမည့်အစား လျစ်လျူရှုမှုများနှင့် ခုခံပိုင်ခွင့်များကို ချိုးဖောက်နေမှုများသည် မြန်မာနိုင်ငံက တရားဝင် လက်မှတ်ရေးထိုးထားသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (United Nations Convention on the Rights of Persons with Disabilities-UNCRPD)ပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ အာဏာသိမ်း စစ်ကောင်စီသည် သာမန် ပြည်သူလူထုအပေါ် အကြမ်းဖက် အနိုင်ကျင့်ရုံသာမက အထူးကာကွယ် စောင့်ရှောက်မှုပေးရမည့် မသန်စွမ်းသူများကိုပါ အနိုင်ကျင့် ဖမ်းဆီး သတ်ဖြတ်နေမှုများသည် လူ့အသိုင်းအဝိုင်းတွင် လက်မခံနိုင်သည့် လူမဆန်သည့် လုပ်ရပ်များပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ယနေ့ ဖြစ်ပွားနေသော အကြမ်းဖက်စစ်ကောင်စီ၏ မတရား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထုတွင် မသန်စွမ်းများ၏ ဦးဆောင် ပါဝင်ကြမှုများကို ယနေ့ ၂၀၂၁ ဒီဇင်ဘာ ၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။