အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဂျပန်လွှတ်တော် အမတ်များ၏ တွေ့ဆုံဆွေးနွေးပွဲ

၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စု ဝန်ကြီးများနှင့်  ဂျပန်လွှတ်တော် အမတ်များသည် မြန်မာနိုင်ငံ၌ အရေးပေါ်လိုအပ်နေသော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထိရောက်စွာရရှိရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်ခွာရသော ဒုက္ခသည်များအား ကူညီနိုင်ရေး၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကို အသိအမှတ်ပြုရန် ဂျပန်နိုင်ငံ အစိုးရအား တိုက်တွန်းပေးရေးနှင့် တရားသော ကြိုးပမ်းမှုအောင်မြင်ပြီး မြန်မာနိုင်ငံသားများနှင့် ထိုက်တန်သော ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးနိုင်ရေး တို့ကို ဂျပန်နိုင်ငံက တတ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်အားပေး ထောက်ခံပေးရန် အတွက် အစည်းအဝေးပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ဂျပန်နိုင်ငံမှ အောက်လွှတ်တော် အမတ် Mr.Ichiro Aisawa (ဥက္ကဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့၊ ဒုဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ အဖွဲ့)၊ အထက်လွှတ်တော် အမတ် Mr.Michihiro Ishibashi (အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊ Mr. Yutaka Nagasugi ( Vice President, Japan Myanmar Friendship Association, CEO, MYANMAR JAPON CO.,LTD.)၊ Mr. Toshio Tanabe (အလွတ်တန်း သတင်းထောက်) တို့ ပါဝင်ခဲ့ကြသည်။

ဤတွေ့ဆုံပွဲ၌ ဂျပန် အောက်လွှတ်တော် အမတ်က

  • စစ်တပ်က မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့မှုသည် လက်ခံနိုင်စရာမရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုဝင်ဘာ ရွေးကောက်ပွဲသည် တရားမျှတသည်ကို ကမ္ဘာက လက်ခံကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသား လူနည်းစုများ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ယုံကြည်ပြီး၊ အခြားအစိုးရ မြန်မာနိုင်ငံတွင်မရှိဟု ယုံကြည်ကြောင်း၊
  • စစ်အာဏာရှင် မဟုတ်သော NUG အစိုးရက လက်တွေ့ကျသော အစိုးရဖြစ်ကြောင်း သက်သေကို မြန်မာပြည်သူများ၏ ပြသမှုကြောင့် ဂျပန်က ကူညီမည်ဖြစ်ကြောင်း၊
  • ဂျပန်၏ ODA အထောက်အပံ့သည် စစ်တပ်ကို ကူညီရန် မဟုတ်၊ လက်နက်ပံ့ပိုးမှုအတွက် မဟုတ်ဘဲ ပညာရေး၊ ဆေးဝါးကုသရေး၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီနှင့် အစားအသောက်အတွက် ကူညီရန် ဖြစ်ကြောင်း၊ ဂျပန်၏ ODA အထောက်အပံ့ ရပ်ဆိုင်းမှုသည် စစ်တပ်ကို အကျိုးမပြုစေရန်သာ ဖြစ်ပြီး ပြည်သူ့အကျိုးကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ ပြည်သူကို တိုက်ရိုက် အကျိုးဖြစ်စေမည့် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ ဂျပန် အထက်လွှတ်တော်အမတ်က

  • စစ်တပ်ကို ဆန့်ကျင့်ရှုတ်ချခြင်း အတည်ပြုသင့်ကြောင်းနှင့် ပတ်သက်၍ အားလုံးက အတည်ပြုခဲ့ကြောင်း
  • အတိုက်အခံ နှင့် အာဏာရပါတီအားလုံးက တစ်ပြိုင်နက် ထောက်ခံ့ခဲ့ကြခြင်း ဖြစ်၍ မြန်မာပြည်သူများအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်ကို လက်နက်ရောင်းချခြင်း မပြုကြရန်နှင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို အစားအသောက် ဆေးဝါးထောက်ပံ့ကူညီရန်လည်း အတည်ပြုခဲ့ကြကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာပြည်သူများအတွက် ထိရောက်သော ကူညီထောက်ပံ့မှုများကို လက်တွေ့အကောင်အထည်ဖော်ရန် နည်းလမ်းများကို လွှတ်တော်အမတ်များနှင့် အစည်းအဝေးတက်ရောက်လာသော NUG အစိုးရမှ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး၊ ဒုတိယဝန်ကြီး ဒေါက်တာ ရွှေပုံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာတို့က ဆွေးနွေးအဖြေရှာခဲ့ကြကြောင်း သတင်းရရှိပါသည်။