အောက်တိုဘာလ (၁၃) ရက်ဟာ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (၂၀၂၅)၊ International Day for Disaster Risk Reduction (IDDRR-2025) ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ ရှည်လျားတဲ့ကမ်းရိုးတန်းတွေနဲ့ တည်ရှိနေတဲ့ပြီး ရေနဲ့ဆက်စပ်တဲ့ အန္တရာယ်တွေကို နှစ်စဥ် ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသလို ဘူမိဆိုင်ရာ အန္တရာယ်တွေ၊ ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင် ဆိုင်ရာအန္တရာယ်တွေ၊ ဇီဝဆိုင်ရာ၊ မိုးလေဝသဆိုင်ရာအန္တရာယ်တွေနဲ့ လူတို့ရဲ့ပေါ့ဆမှု ကြောင့်ဖြစ်တဲ့ မီးဘေးအပါအဝင် စက်မှုနဲ့နည်းပညာဆိုင်ရာအန္တရာယ် တွေပါ ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးနဲ့ အတူပေါ်ပေါ်လာတဲ့ တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ကြုံတွေ့ရမယ့် အကျိုးဆက်တွေကို ခေတ်အဆက်ဆက်က သင်ခန်းစာတွေ ရရှိခဲ့ပြီးဖြစ်တာနဲ့အညီ ထိခိုက်နစ်နာနိုင်တဲ့ ပြည်သူလူထုကို ကူညီထောက်ပံ့နိုင်ဖို့ အားစိုက်ဆောင်ရွက်ခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုနောက်ပိုင်းမြန်မာပြည်သူတွေဟာ သဘာဝဘေးတွေထက် စာရင် စစ်တပ်ရဲ့အကြမ်းဖက်မှုဘေးဒုက္ခတွေကို နေ့စဉ် ကြုံတွေ့ခံစားနေကြ ရပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးမှာ သဘာဝဘေးအန္တရာယ်တွေကို လျှော့ချနိုင်ဖို့ လုပ်ဆောင်နေကြသလို မြန်မာနိုင်ငံမှာလည်း အကြမ်းဖက်စစ်တပ်ကြောင့် ဖြစ်ပေါ်လာတဲ့လူမှုဒုက္ခအဝဝကို လျှော့ချပေးနိုင်ဖို့ တော်လှန်ရေးအင်အားစု အသီးသီးက ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။
ဒါကြောင့် ယခုနှစ်အောက်တိုဘာလ (၁၃) ရက်နေ့မှကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction-IDDRR 2025)မှာလည်း မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ စစ်တပ်ကြောင့်ဖြစ်တဲ့ ဘေးအန္တရာယ်တွေကို ဘယ်လိုမျိုးလျော့ပါးအောင် လုပ်ဆောင်နေရတယ်၊ အရပ်သားပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ပြည်သူနဲ့အတူ ဘယ်လိုမျိုးကြိုးစားဆောင်ရွက်နေကြတယ်ဆိုတာကို ကမ္ဘာကသိအောင် မီးမောင်းထိုးပြလိုပါတယ်။
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့ “ဘေးဒဏ်ကြောင့်ကုန်ကျစရိတ်ကို ချွေတာဖို့၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်အောင်ရင်းနှီးမြှုပ်နှံစို့” (Funding Resilience, Not Disasters) ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နိုင်ငံနှင့်တဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ အရေအတွက်ဟာ ယခုဆိုရင် (၃.၆) သန်းခန့် ရောက်ရှိနေပြီ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ (၃၀.၉.၂၀၂၅) ရက်နေ့အထိ ပြုစုထားတဲ့ မှတ်တမ်းများအရ စစ်ကော်မရှင်ရဲ့ အာဏာသိမ်းရန်ကြိုးပမ်းနေတဲ့ ဒီ (၄)နှစ်ကျော်ကာလ အတွင်းမှာ အကြမ်းဖက် စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လူ(၅) ဦးနဲ့ အထက် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်တဲ့ ဖြစ်စဉ်ပေါင်း (၄၅၂) ကြိမ် ရှိခဲ့ပြီး သတ်ဖြတ်ခံရသူဦးရေစုစုပေါင်း (၄,၇၆၃) ဦးရှိခဲ့ပါတယ်။
နိုင်ငံတကာစစ်ပွဲတွေမှာသာ အသုံးပြုလေ့ရှိတဲ့ တိုက်လေယာဥ်တွေအပါအဝင် လေကြောင်းကနေ စစ်ဘက်၊ အရပ်ဘက်ခွဲခြားခြင်းအလျဥ်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာ ယခုဆိုရင် အကြိမ်ရေ (၇,၁၇၅)ကြိမ် အထိရှိခဲ့ပြီ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံအဝှမ်းမှာ သေဆုံးခဲ့သူ (၄,၁၃၅)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၇,၁၆၆)ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ဒီလိုမျိုး အကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုကို သဘာဝဘေးတွေကလည်းခြွင်းချက်မပေးခဲ့ပါဘူး။အာဏာသိမ်းမှုနောက်ပိုင်း ရေကြီးရေလျှံမှုဘေး၊ မိုခါဆိုင်ကလုန်းမုန်တိုင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်း၊ ယခုနှစ်မှာပဲ အဖျက်စွမ်းအားကြီးမားတဲ့ စစ်ကိုင်းငလျင်ကြီးစတဲ့သဘာဝဘေးအန္တရာယ်တွေကိုလည်း ရင်ဆိုင်ခဲ့ကြရပါတယ်။
တော်လှန်ရေးအစိုးရအနေနဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်ချိန်တိုင်း မှာလည်း ဘေးသင့်ပြည်သူလူထုကို ခွဲခြားခြင်းမရှိဘဲ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေကို လက်လှမ်းမီရရှိဖို့ရာ ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့အနေအထားမှာ သဘာဝဘေးက ရေတိုရောဂါ (Acute illnesses) လိုဖြစ်ပြီး အာဏာရှင်ဘေးက နာတာရှည်ရောဂါ (Chronic Disease) လိုမျိုး ဖြစ်ပွားနေပါတယ်။
လက်ရှိအချိန်အထိ ပြည်သူ့အစိုးရရန်ပုံငွေထဲကနေ သဘာဝဘေးတွေအတွက် ထောက်ပံ့ကူညီနိုင်ဖို့ ငွေကျပ်စုစုပေါင်း (၆,၉၆၉.၈၃) သန်းကိုသုံးစွဲခဲ့သလို စစ်တပ်ကြောင့် ဖြစ်ပွားတဲ့ဘေးဒုက္ခတွေလျော့ပါးသက်သာစေဖို့ ငွေကျပ် (၁၉,၈၉၄.၈၅) သန်းကို ထောက်ပံ့ပေးခဲ့ပါတယ်။ ဆက်သွယ်ရေးလိုင်း ဖြတ်တောက်ခံထားရတဲ့ဒေသတွေမှာ ရေဒီယိုကွန်ရက် တွေကနေတဆင့် လေကြောင်းအန္တရာယ် စောင့်ကြည့်စနစ်တွေ၊ ကြိုတင် သတိပေးချက် ဖြန့်ချိပေးတဲ့အစီအစဉ်တွေ၊ မြေအောက် စာသင်ကျောင်းတွေနဲ့ ဆေးရုံ/ ဆေးပေးခန်းတွေ၊ ကတုတ်ကျင်း/ ဗုံးခိုကျင်း တူးဖော်ပေးတဲ့လုပ်ငန်း တွေမှာ ရန်ပုံငွေတွေမျှဝေပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
ဘေးအန္တရာယ်ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်း မြင့်မားစေဖို့ လိုအပ်တဲ့ အသိပညာနဲ့ နည်းပညာပံ့ပိုးပေးခြင်းတွေ၊ ဇာတ်တိုက်လေ့ကျင့်လုပ်ဆောင်ပေး ခြင်းတွေကိုလည်း တိုးမြှင့်လုပ်ဆောင်လျက်ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆိုးကြောင့် ဘေးဒုက္ခမျိုးစုံကို ကြုံတွေ့နေရတဲ့ ပြည်သူလူထုအတွက် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည်ရှိဖို့ ရင်းနှီး မြှုပ်နှံမှု ပြုရာမှာ လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရတစ်ခုတည်းနဲ့လည်း မလုံလောက်နိုင်ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် ဒေသတွင်းနဲ့နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ပါဝင်စားမှုနဲ့ လက်တွေ့ကျတဲ့ ရင်းနှီးထောက်ပံ့ပေးမှုတွေက များစွာ အရေးကြီးပါတယ်။
ဒီနှစ်ဆောင်ပုဒ်ရဲ့အနှစ်သာရကို ပြည့်မီဖို့ဆိုရင် ရေတို လူသားချင်းစာနာမှု အကူအညီတွေသာမက ဘေးဒဏ်ခံနိုင်ရည်ရှိစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေမှာပါ နိုင်ငံတကာက ထိထိရောက်ရောက်ကူညီဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။ ပညာသင်ကြားခြင်း၊လူ့အသက်ကယ်တင်ခြင်းကို ပစ်မှတ်ထားခံနေရတဲ့နိုင်ငံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဝတ်ပြုဆုတောင်းရာနေရာတွေကို ဦးတည် တိုက်ခိုက်ချေမှုန်းခံရတဲ့ နိုင်ငံမှာ နေထိုင်နေကြရတဲ့ မြန်မာပြည်သူ/သားတွေအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကနေ လူသားဆန် တဲ့စိတ်နဲ့ လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားမှုကို ပြသတဲ့အနေနဲ့ ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်လုပ်ဆောင်ပေးကြဖို့ ယနေ့ကျရောက်တဲ့ အထိမ်းအမှတ်နေ့ကနေ အမှာစကားပါးလိုပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ပေါ်ပြစ်မှုပေါင်းမြောက်များစွာ ကျူးလွန် လျက်ရှိသည့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အတွက် ရင်းနှီးလုပ်ဆောင်ခြင်းကသာ မြန်မာပြည်သူများရဲ့ အနာဂတ်ဘဝလုံခြုံ အေးချမ်းခြင်း၊ သာယာဝပြောခြင်းနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ရည် ရှိခြင်းတို့ကို ဆောင်ကြဉ်းပေးနိုင်မည် ဖြစ်ပါကြောင်း ၂၀၂၅ ခုနှစ်၊ ဒီကနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ်အဖြစ် တင်ပြလိုက်ရပါတယ်။
