စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများသို့ အရေးပေါ် စာနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်းသို့ (၁၁.၁၁.၂၀၂၄) ရက်နေ့မှ စတင်၍ ထိတွေ့တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ‌ပြည်သူလူထုပိုင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းသူများ ‌အပါအဝင် ဒေသတွင်းရှိ ကျေးရွာ (၂၂)ရွာမှ လူဦးရေ (၁၅၀၀၀)ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အဆိုပါစစ်ဘေးရှောင် ပြည်သူများအတွက် လတ်တလော အရေးပေါ် အကူအညီအဖြစ် စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါး လိုအပ်ချက်များရှိနေကြောင်း သိရှိရပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်များသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများထံသို့ အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာများ ရောက်ရှိစေရေး အဆိုပါ ဒေသများရှိ ပြည်သူ့အုပ်အုပ်ရေးအဖွဲ့ဝင်များ၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ပြီး ဖြန့်ဝေထောက်ပံ့ ခဲ့ပါသည်။

ယခုကဲ့သို့ အရေးပေါ် စစ်ဘေးရှောင်ပြည်သူများထံ စားနပ်ရိက္ခာနှင့် အမိုးအကာထောက်ပံ့မှုများ လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများနှင့် အလှူရှင်များကို ဝန်ကြီးဌာနက အထူးပင် အလေးအနက်ထား ကျေးဇူးတင်ရှိကြောင်း တင်ပြအပ်ပါသည်။