အောက်တိုဘာလ (၁) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ဖြစ်ပါသည်။ ထို့ကြောင့် နှစ်စဉ် ကမ္ဘာတစ်ဝှမ်းတွင် သက်ကြီးရွယ်အိုများနေ့ အခမ်းအနားများကျင်းပခြင်းဖြင့် သက်ကြီးရွယ်အိုများအရေး လူတိုင်းသတိပြုလာမိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဆောင်ပုဒ်သည် “Ageing with Dignity: The Importance of Strengthening Care and Support Systems for Older Persons Worldwide” ဖြစ်၍ သက်ကြီးရွယ်အိုများအတွက် ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရေး ကမ္ဘာအနှံ့တွင် ဘက်ပေါင်းစုံမှ ကူညီစောင့်ရှောက်ပေးနိုင်ရေး အားကောင်းလာစေရန် လိုအပ်လျက်ရှိပြီး လူသားတိုင်းအသက်အရွယ် ကြီးရင့်လာခြင်းကို ကြုံတွေ့ရမည်ဖြစ်၍ လူတိုင်းနှင့်ဆိုင်သောကိစ္စဟု မှတ်ယူပြီး သက်ကြီးရွယ်အိုများအား လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးနှင့် ရသင့်ရထိုက်သည့် လူ့အခွင့်အရေးများ ရရှိစေရေး ဆောင်ရွက် ပေးရန်မှာ လွန်စွာအရေးကြီးလှပါသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင်လည်း လက်ရှိကြုံတွေနေရသည့် စစ်အာဏာသိမ်းခံရမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့် မြန်မာပြည်သူလူထု တစ်ရပ်လုံးသည် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများအပြင် လူမှုဆင်းရဲဒုက္ခအဝဝကို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရပါသည်။ အထူးသဖြင့် နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူများ တနေ့ထက်တနေ့ များပြားလာပြီး ထိုအထဲတွင် သက်ကြီးရွယ်အို စစ်ဘေးရှောင်များလည်း ပါဝင်လျက်ရှိနေပါသည်။ သဘာဝဘေးအန္တရာယ်အပါအဝင် အကြမ်းဖက်စစ်တပ်၏ ကျေးရွာများကို စစ်ကြောင်းထိုးစဥ် လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကြောင့် ရွှေ့ပြောင်းရန်အခက်အခဲရှိပြီး မီးဘေးသင့်သေဆုံးရသူ သက်ကြီးရွယ်အိုများ၊ အပြစ်မဲ့ပြည်သူများအား ဦးတည်ချက်ထား၍ လေကြောင်းမှတဆင့် ပစ်ခတ်တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် သေဆုံးကြရသူများထဲတွင် သက်ကြီးရွယ်အိုများလည်း များစွာပါဝင်နေပါသည်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန််ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေးတွင် ပြည်သူများထဲက သက်ကြီးရွယ်အိုများသည်လည်း တော်လှန်ရေးအတွက် အင်အားတစ်ရပ်ဖြစ်ပါကြောင်းနှင့် နေ့ရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ပြည်သူများ အထူးသဖြင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများအတွက် လူ့အခွင့်အရေး ကြေညာစာတမ်းပါ ကတိကဝတ်များထဲမှ ၎င်းတို့အသက်ရှင်ခွင့်၊ လုံခြုံခွင့်ရှိစေရန်နှင့် ၎င်းတို့စားဝတ်နေရေးအပါအဝင် လူမှုဖူလုံရေး ဆိုင်ရာကိစ္စရပ်များကို တတ်စွမ်းသရွေ့ ဦးစားပေးဆောင်ရွက်လျက် ရှိပါသည်။
ဝန်ကြီးဌာနအနေနှင့် စစ်ဘေးရှောင်ပြည်သူများထဲမှ သက်ကြီးရွယ်အိုများအပါအဝင် ထိခိုက်လွယ်ပြည်သူများ၏ မိသားစုဝင်များအပါအဝင် လတ်တလော ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရာတွင် ဘိုးဘွားများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းနှင့် အလှူငွေများကိုပါ ယခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် အောက်တိုဘာ (၁) ရက်နေ့က ထောက်ပံ့ခဲ့ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

