နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးဝင်းမြင့်တို့အား အကြမ်းဖက် အာဏာလု စစ်ကောင်စီက မတရားပြစ်ဒဏ်ချမှတ်စီရင်ခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ကျွမ်းကျင်သူ ပညာရှင်တို့က “ နိုင်ငံတော်အတိုင်ပင်ခံနှင့် သမ္မတကြီးတို့မှာ တရားခံ မဟုတ်၊ မတရားဖမ်းဆီးခြင်းခံထားရသော ဓားစာခံများသာ ဖြစ်ကြ လေသည်။” ဟု တညီတညွတ်တည်း သဘောထား မှတ်ချက်ပြုခဲ့ကြပါသည်။
ဤဖြစ်ရပ်သည် မြန်မာနိုင်ငံရှိ ပြည်သူသန်းပေါင်းများစွာတို့၏ အခွင့်အရေးများဆုံးရှုံးကာ စစ်ကောင်စီ၏ ဥပဒေမဲ့ အကြမ်းဖက်မှုကို ခံစားနေရသည့်အချက်ကို ပိုမိုထင်ရှားပေါ်လွင်စေခဲ့ပါသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာ စာတမ်းအရ တရားမျှတမှုရပိုင်ခွင့် အခွင့်အရေးကို အထူးဦးစားပေးထားပါသည်။ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတိုင်း သည် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသော ဥပဒေခုံရုံး၌ လျောက်လဲချက် ကြားနာစစ်ဆေးခြင်းကို ရပိုင်ခွင့် အပြည့် ရှိသည်။
ထို့အပြင် လတ်တလော ဖြစ်ပွားခဲ့သော စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် ဒုံးတောရွာရှိ ရွာသားများအား ဖမ်းဆီးကာ အရှင်လတ်လတ်မီးရှို့မှု၊ ကလေးမြို့ ဒေသခံလူငယ်အား လူသားဒိုင်းအဖြစ်ဖမ်းခေါ်သွားပြီး မီးရှို့သတ်ဖြတ်မှု၊ မန္တလေးတွင် ရမ်းသမ်းပစ်ခတ်မှုကြောင့် ငါးနှစ်အရွယ်ကလေး သေဆုံးမှု အပါအဝင် အရပ်သား ပြည်သူများကို နည်းမျိုးစုံဖြင့် အကြမ်းဖက် နှိပ်စက် လူသတ်မှုများကို စစ်ကောင်စီတပ်များက ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း သက်သေအထောက်အထားများနှင့် တကွ နိုင်ငံတကာက သိရှိခဲ့ကြပြီး ဖြစ်သည်။ အပြည်ပြည်ဆိုင် လူသားချင်းစာနာမှု ဥပဒေ၏ ကာကွယ်မှုရပိုင်ခွင့်အရ အရပ်သားများကို သတ်ဖြတ်ခြင်းအား တားမြစ်ထားပါသည်။
ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ တာဝန်ရှိသူများက စစ်ကောင်စီကို ပြည်သူတို့၏ ရပိုင်ခွင့်များအတွက် စဥ်ဆက်မပြတ် တောင်းဆိုတိုက်တွန်းနေသော်လည်း စစ်ကောင်စီက လက်ခံလိုက်နာကျင့်သုံးရန် လုံးဝ အစီအစဥ်မရှိကြောင်း ၎င်းတို့၏ လုပ်ရပ်များက သက်သေခံနေသည်။ ထို့ကြောင့် မြန်မာပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ခုခံတော်လှန်လျက်ရှိပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီ၏ ဝင်ငွေနှင့် လက်နက် လမ်းကြောင်းတို့ကို ပိတ်ပင်တားမြစ်ခြင်းတို့ဖြင့် မြန်မာပြည်သူတို့အပေါ် ဥပဒေမဲ့ဖိနှိပ် အကြမ်းဖက်မှုများကို ကျူးလွန်နေသော စစ်ကောင်စီကို အင်အားချိနဲ့စေရန် ထိရောက်စွာ ပူးပေါင်းကူညီသင့်ပါကြောင်းကိုလည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က တိုက်တွန်းပြောကြားထားပါသည်။
သို့ဖြစ်ရာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် မတရားမှုမှန်သမျှကို အကြောက်တရား၊ အရှက်တရားကင်းမဲ့စွာ ကျူးလွန်နေသော စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဖိအားတိုးမြှင့် အရေးယူဒဏ်ခတ်မှုများကို ပိုမိုလက်တွေ့ကျ အကောင်အထည်ဖော်နိုင်သည့် နည်းလမ်းများဖြင့် မြန်မာပြည်သူများ၏ အာဏာရှင် ဆိတ်သုဥ်းရေး ကြိုးပမ်းမှုများတွင် ထိထိရောက်ရောက် ပါဝင်ကူညီရန် အချိန်တန်နေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဒေါက်တာ ဝင်းမြတ်အေး
