၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ အကျဥ်းချုပ်

📌 အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ၂၀၂၂ခုနှစ် နိုဝင်ဘာလအတွင်း လူသားချင်းစာနာမှု အကူအညီများအတွက် ငွေကျပ် (၃၄၂.၂၉) သန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။
📌အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ မီးရှို့ဖျက်စီးမှုဒဏ်များကိုခံနေကြရသော ပြည်သူများ၊ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟုထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက်ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီ လိုအပ်နေသော မသန်စွမ်းပြည်သူများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ နိုင်ငံရေးအကျဥ်းသားများနှင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်။
🏗ထို့အပြင် စစ်ကောင်စီတပ်များကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ဒေသများတွင် ယာယီခိုလှုံနေထိုင်နိုင်သည့် နေအိမ်များ ပြန်လည် တည်ဆောက်ပေးခြင်း စီမံချက်နှင့် ကျောင်းများတွင် ယာယီဗုံးခိုကျင်း တည်ဆောက်ရေး စီမံချက်တို့ကိုလည်း ဆက်လက် အကောင်အထည်ဖော်လျက် ရှိသည်။
💥ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်တစ်ခုဖြစ်သော ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်နက်ကိုင်ပဋိပက္ခ အခြေအနေအတွင်း ဆောင်ရန်/ရှောင်ရန်များ၊ မြေမြှုပ်မိုင်း နှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်များနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် လေကြောင်းဒဏ်အန္တရာယ် ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
🤝Mind healers စိတ်ခွန်အားပေးသူများ စီမံချက်အရ Facebook မှတဆင့် ဆက်သွယ်လာသော ပြည်သူများအား စိတ်လူမှုအထောက်အပံ့ဖြစ်စေရန်နှင့် ခံစားနေရသော စိတ်လူမှုဝေဒနာများ လျော့ပါးသက်သာစေရန် နှစ်သိမ့်ဆွေးနွေးခြင်းလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
🙏ဝန်ကြီးဌာန၏ ထောက်ပံ့မှုများကို စစ်တပ်၏ အတားအဆီးအမျိုးမျိုးကြားမှ ဘေးဒုက္ခခံစားနေကြရသော ပြည်သူများလက်ဝယ်အရောက် စီစဉ်ဆောင်ရွက်ပေးကြသည့် ဒေသခံ မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ဝန်ထမ်း ပြည်သူများကို အထူးကျေးဇူးတင်ရှိပါသည်။လူသားချင်းစာနာမှု အကူအညီများသည် ပြည်သူမှ ပြည်သူသို့ ထောက်ပံ့ခြင်းများဖြစ်ပြီး နိုင်ငံတကာမှ လူသားချင်း စာနာမှု အကူအညီများ ရရှိနိုင်ရေးအတွက်လည်း စဥ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါသည်။
📍ထောက်ပံ့မှု အသေးစိတ် အချက်အလက်များနှင့် မှတ်တမ်းဓာတ်ပုံများကို ပုံတစ်ပုံချင်းတွင် လေ့လာကြည့်ရှုနိုင်ပါသည်။