ကရင်နီပြည်နယ် စစ်ဘေးရှောင်ပြည်သူများအား လူသားချင်းစာနာမှု အကူအညီ ပေးအပ်သည့် လတ်တလော အခြေအနေ

ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာများကို အလျင်အမြန် ပံ့ပိုးကူညီပေးလျက်ရှိပြီး တိုက်ပွဲရှောင်သူဦးရေများပြား လာသည့်အတွက် အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ အရေးပေါ် လိုအပ်ချက်များအတွက် အသုံးပြုနိုင်ရေး ကနဦးထောက်ပံ့ငွေများကို ပေးပို့ထားပါတယ်။
စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၊ Coordination Team for Emergency Relief (CTER) ၊ ကရင်နီပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့များစသည့်သက်ဆိုင်ရာမိတ်ဖက်အဖွဲ့များ၊ နယ်မြေခံ ကူညီပံ့ပိုးသူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။
လက်တလောအခြေအနေများအတွက် စားနပ်ရိက္ခာ၊ အရေးပေါ်အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း (၅၀၀) ကျော် ထောက်ပံ့ထားပြီး ဖြစ်ပါတယ်၊ လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ထောက်ပံ့ရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။