လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင်များအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခြင်း

KNU နယ်မြေအတွင်း ဆက်လက်ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းသို့ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများ အတွက် အရေးပေါ်လိုအပ်လျက်ရှိသော စားနပ်ရိက္ခာ စောင်နှင့် အခင်းအကာများကို လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ မြေပြင်လှုပ်ရှားသူ အဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် အတူ ညတွင်းချင်း သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ထို့အပြင် ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိနေသော စစ်ဘေးရှောင်များတွင် ကလေးငယ်အများအပြားပါဝင်သဖြင့် အရုပ်နှင့်မုန့်များကိုလည်းပေးပို့ဝေငှခဲ့ပါသည်။
လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန က မိတ်ဖက်အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းလျက် လေးကေ့ကော်ဒေသရှိ စစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ၊ စောင်၊ အခင်းအကာ၊ အိမ်သာ အစရှိသည့် လိုအပ်ချက်များကို ဆက်တိုက် ပံ့ပိုးလျက်ရှိရာ ယနေ့ (၂၂.၁၂.၂၀၂၁) အထိ ထောက်ပံ့ခဲ့သည့် စုစုပေါင်း ပမာဏမှာ ကျပ်သိန်း လေးရာကျော် ရှိခဲ့ပြီး ဖြစ်ပါသည်။
ထို့အတူ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ခံစားနေရသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးသို့ ထောက်ပံ့ပေးပို့မှုများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။