၂၀၂၁ခုနှစ်၊ အာရှဒေသဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ (၃)ရက်တာ ညီလာခံသို့ လူသားချင်းစာနာကူညီရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတက်ရောက်

၁။ မြန်မာနိုင်ငံသည် အာရှဒေသဘေးအန္တရာယ်လျော့ပါးရေးဌာန (ADRC)ကို စတင်ထူထောင်စဉ်ကပင် အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပြီး အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ ADRCမှ နည်းပညာအကူအညီများ ရရှိနိုင်ရေးအတွက် အဖွဲ့ဝင်ကြေးပေးသွင်းမှုများကို ပြည်သူ့အစိုးရလက်ထက်တွင် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
၂။ အာရှဒေသဘေးအန္တရာယ်လျော့ပါးရေးဌာန (ADRC) က ဦးဆောင်ကျင်းပသည့် ၂၀၂၁ခုနှစ်၊ အာရှ ဒေသ ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာညီလာခံကို ဒီဇင်ဘာလ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ (၃)ရက်တာကျင်းပခဲ့ရာ အဆိုပါညီလာခံသို့ လူသားချင်းစာနာကူညီရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးပါဝင်တက်ရောက်ခဲ့ပါသည်။
၃။ ညီလာခံတွင် ဂျပန်နိုင်ငံအစိုးရ၊ တာဂျီကစ္စတန်နိုင်ငံအစိုးရနှင့် ADRC ဥက္ကဌတို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ကြပါသည်။ ထို့အပြင် ကုလသမဂ္ဂဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးရုံး၏ အကြီးအကဲနှင့် Kokusai Kogyo Co.,Ltdမှ ဥက္ကဌနှင့် အမှုဆောင် အရာရှိချုပ်ဖြစ်သူတို့ကလည်း Keynote Speech များပြော ကြားခဲ့ကြပါသည်။
၄။ ယခုနှစ်ညီလာခံကို “ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် အာရှဒေသဖြစ်စေရေးအတွက် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရန်အချိန်ကျရောက်ပြီ” ဟူသည့်ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါသည်။ ညီလာခံတွင် အာရှနိုင်ငံများ၊ ကုန်းတွင်းပိတ်နိုင်ငံများနှင့် အာဆီယံနိုင်ငံများမှ ဌာနဆိုင်ရာများ၊ သုတေသနအဖွဲ့အစည်းများ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁၃၀)ခန့်က အွန်လိုင်းစနစ်ဖြင့်တက်ရောက်ခဲ့ကြပါသည်။ ညီလာခံတွင်(က) ဘေးကင်းလုံခြုံပြီးနေပျော်စရာဖြစ်သည့်လူ့ဘောင်အဖွဲ့အစည်းဖန်တီးနိုင်ရန် ဒေသအလိုက်လိုအပ်ချက်များနှင့်ကိုက်ညီသည့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ နည်းပညာများတီထွင်ဆောင်ရွက်ခြင်းနှင့် (ခ ) ဘေးအန္တရာယ်လျော့ပါးရေးလုပ်ဆောင်ချက်များကို မြှင့်တင်ပေးနိုင်မည့် အသိပညာပေးခြင်းနှင့် သင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှုများအား ကောင်းလာစေခြင်း ဟူသည့် ခေါင်းစဉ်(၂)ခုနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက်အတွေ့အကြုံများကို ဆွေးနွေး တင်ပြမှုခဲ့ကြပါသည်။
၅။ အာဆီယံနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ပထဝီဝင်ဆိုင်ရာသတင်းအချက်အလက်စနစ်( Geographic Information System) နှင့် အဝေးထိန်းအာရုံခံမှုစနစ်(Remote Sensing) အစရှိသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များကို အသုံးပြု၍ ဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျှော့ချပေးနိုင်ရန် နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့် ကြိုးပမ်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့အပြင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း စာသင်ကျောင်းအခြေပြုနှင့် ရပ်ရွာလူထုအခြေပြုလုပ်ဆောင်နေမှုများကို အားကျဖွယ်တွေ့မြင်ရပါသည်။
၆။ မြန်မာနိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ထူပြောလှသည့်အခြေအနေတွင် လူကြောင့်ဖြစ်သည့် ရက်စက်ကြမ်းကြုတ်သောစစ်အာဏာသိမ်းမှုဘေးကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါသည်။ သို့ဖြစ်ရာ ယခင်ဆောင်ရွက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ လေ့ကျင့်လုပ်ဆောင်မှုများနှင့် နည်းပညာအသုံးပြု၍ ဘေးအန္တရာယ်လျော့ပါးရေးလုပ်ဆောင်နေမှုများ အားလုံးသည် သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ပြည်သူများ အနေဖြင့် ပိုမိုဆိုးရွားသည့် ထိခိုက်ဆုံးရှုံးမှုများကို နေ့စဉ်ရက်ဆက် တွေ့ကြုံနေကြရပါသည်။ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် အကြမ်းဖက်နှိပ်စက်ခြင်းများကြောင့် ပြည်သူအများ၏ နေ့စဉ်ဘဝ လုံခြုံမှုမရှိတော့ဘဲ နေ့ရက်တိုင်းတွင် ဘေးအန္တရာယ်နှင့် ရင်ဆိုင်နေကြရပါသည်။
၇။ ယခုကဲ့သို့ကြုံတွေ့ခံစားနေရသည့် လူမှုဒုက္ခအဝဝ၏ အကြောင်းရင်းမှာ စစ်အာဏာသိမ်းခြင်းမှလွဲ၍ အခြားမရှိပါ။ ယင်းပြဿနာကို တွန်းလှန်ကျော်လွှားနိုင်မှသာ အခြားသော ဆက်စပ်ဘေးဒုက္ခများနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို တဖန်ပြန်လည် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
၈။ အာရှနိုင်ငံများအနေဖြင့် ဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများကို အခြားသော ကမ္ဘာ့နိုင်ငံများနှင့်ရင်ပေါင်တန်း၍ အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြချိန်တွင် မြန်မာနိုင်ငံက အောက်ကျနောက်ကျ ကျန်ရစ်နေခြင်းမှာ အလွန် ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။ ကိုဗစ်ကပ်ရောဂါဘေး၊ မတရား အာဏာသိမ်းမှုကြောင့်ဖြစ်သည့်စစ်မက်ဘေးနှင့် ရှို့မီးဘေးတို့ကို တပြိုက်နက်ကြုံတွေ့နေရချိန်တွင် သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားတစ်ခုခုကို တွေ့ကြုံရမည်ဆိုပါက မြန်မာပြည်သူလူထုအတွက် နစ်နာဆုံးရှုံးမှုများမှာ ဆိုဖွယ်မရှိနိုင်ပါ။ ထို့ကြောင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးစေရန်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည် လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရန် အရေးကြီးဆုံး တာဝန်တစ်ရပ်ဖြစ်သည့် စစ်အာဏာရှင်ပြုတ်ကျရေးကို ဦးလည်မသုန်ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း ထပ်မံ၍ အသိပေး တင်ပြအပ်ပါသည်။