လေးကေ့ကော်ဒေသတွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး၏ သတင်းစကား

အကြမ်းဖက် စစ်ကောင်စီတပ်များဟာ ကရင်ပြည်နယ် KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်မြို့သစ် ကို အင်အားနဲ့ ဝင်ရောက် အကြမ်းဖက်ခဲ့မှုကြောင့် KNLA ၊ ပူးပေါင်းတော်လှန်ရေးတပ်များနဲ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ ဒေသခံများနေထိုင်ရာ နေရာများကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့မီးလောင်ခဲ့ပြီး ဒေသခံထောင်ချီဟာ စစ်ဘေးရှောင်ဖြစ်ခဲ့ရပါတယ်။နှစ် ၇၀ ကြာ စစ်ဘေးသင့်ဒဏ်ကို ခံစားခဲ့ရတဲ့ ကရင်ပြည်သူများဟာ စစ်အာဏာရှင်ကြောင့် ထပ်မံစစ်ဘေးသင့်ခဲ့ရပြန်တာကို စိတ်နှလုံးကြေကွဲဖွယ်ရာ ဝမ်းနည်းပြီး ကိုယ်ချင်းစာရပါတယ်။ထိခိုက်ခံစားနေရတဲ့ တိုင်းရင်းသားမောင်နှမတို့ရဲ့ ဝေဒနာကို ကိုယ်ချင်းစာပြီး လူသားချင်းစာနာသော အထောက်အပံ့တို့ အမြန်ဆုံးရောက်ရှိအောင် စီစဥ်နေပြီဖြစ်ပြီး ပြည်သူများလည်း တတ်နိုင်တဲ့ဘက်က ပါဝင်ပေးဖို့ရာ တိုက်တွန်းပါတယ်။အိမ်နီးချင်းထိုင်းနိုင်ငံအနေနဲ့လည်း နယ်စပ်ဖြတ်ကျော် ရှောင်တိမ်းလာတဲ့ ဒေသခံစစ်ဘေးရှောင်များကို လူသားချင်းစာနာတဲ့အနေနဲ့ ကူညီပေးဖို့ အထူးမေတ္တာရပ်ခံလိုပါတယ်။လေးကေ့ကော်ဒေသတွင်သာမက စစ်ကောင်စီတပ်၏ မတရားပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားဒေသခံပေါင်းများစွာဟာ နေရပ်တိမ်းရှောင်ထွက်ပြေးရင်း စစ်ဘေးသင့်လျက်ရှိနေခဲ့ကြရပါတယ်။NUG အစိုးရအနေနဲ့ စစ်ဘေးရှောင်ဒေသခံတို့ကို ကူညီခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိနေသော်လည်း စစ်အာဏာရှင်ကို အမြစ်ပြတ်တွန်းလှန်နိုင်မှသာ ဒီကပ်ဘေးတွေက လုံးဝ ကင်းလွတ်မှာဖြစ်ပါတယ်။အကြောင်းအကျိုးစနစ်တကျပေါင်းစပ်ဖြစ်ပေါ်လာတဲ့ လောကကြီးမှာ အကျိုးကောင်းကို ရနိုင်ဖို့ အကြောင်းအရင်းကောင်းများစွာကို အားထုတ်ကြဖို့ လိုအပ်လှပါတယ်။ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီး တည်ထောင်နိုင်ဖို့အပြင် ဖိနှိပ်မှု၊ သတ်ဖြတ်ညှင်းဆဲမှုများအစဉ်တစိုက်ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီတပ်ကို အပြစ်ပေးနိုင်ဖို့ ပြည်သူများအားလုံးပူးပေါင်းပြီး နွေဦးတော်လှန်ရေးကို အောင်ပွဲရသည်အထိ ခရီးဆက်ကြမည်။

ဒေါက်တာ ဝင်းမြတ်အေး