ချင်းပြည်နယ်၊ ထန်တလန်မြို့အတွက် အရေးပေါ် ထောက်ပံ့ငွေ ပေးအပ်ခြင်း နှင့် မြန်ဆန်စွာ အကောင်အထည် ဖော်နိုင်ရေး ညှိနှိုင်းဆောင်ရွက်မှု

နိုဝင်ဘာလ ၁ရက်၊ ၂၀၂၁ခုနှစ်

အကြမ်းဖက်စစ်အာဏာရှင်တပ်များက ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်ရှိ လူနေအိမ်ခြေများကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနှင့် ပစ်ခတ်မှု၊ မီးရှို့ဖျက်စီးမှုတို့ ပြုလုပ်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၉)နှင့် (၃၀) ရက်နေ့များတွင်လည်း ခရစ်ယာန်ဘုရားကျောင်းနှင့် သာသနိကအဆောက်အဦ အနည်းဆုံး(၃)ခု အပါအဝင် လူနေအိမ်ခြေပေါင်း အနည်းဆုံး (၁၆၄) လုံး ပျက်စီးဆုံးရှုံးခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့ကလည်း လူနေအိမ်ပေါင်း (၂၀) ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ သင်းအုပ်ဆရာတော်တစ်ပါး အသက်ဆုံးရှုံးခဲ့ရပါသည်။ အာဏာရှင်တပ်များ၏ အကြမ်းဖက် ရက်စက်မှုကြောင့် ပြည်သူအများ အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိကြပါသည်။ 
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ချင်းပြည်နယ် ဒေသခံ အဖွဲ့အစည်း အသီးသီး၏ ကိုယ်စားပြုသူများနှင့် တွေ့ဆုံပြီး ဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ၍ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူများ အတွက် ထိရောက် မြန်ဆန်စွာ ကူညီထောက်ပံ့နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်ကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ချင်းပြည်နယ်မှ တက်ရောက်လာသူများက ထိခိုက် ပျက်စီးဆုံးရှုံးမှု အခြေအနေများ၊ ဒေသခံများအတွက် အရေးပေါ်လိုအပ်ချက်များကို ပြန်လည် ဆွေးနွေးကြပါသည်။ 
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က အရေးပေါ်လိုအပ်ချက်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် တက်ရောက်လာသူများနှင့်အတူ ထန်တလန်မြို့အတွက် ဆုတောင်းမေတ္တာပို့သခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။