ဝန်ကြီးဌာန၏ လတ်တလောဆောင်ရွက်နေမှုများ အကျဥ်းချုပ် တင်ပြချက်

◾️လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ စတင်ဖွဲ့စည်းသည့်အချိန်မှ စ၍ လက်ရှိအချိန်အထိ ၆လအတွင်း လူသားချင်း စာနာမှုအကူအညီထောက်ပံ့မှု စုစုပေါင်း ပမာဏမှာ ငွေကျပ် (၁.၅) ဘီလီယံခန့် ရှိခဲ့ပြီး ဖြစ်သည်။ ဤ ခြောက်လအတွင်း စစ်ဘေးရှောင် နှင့် နေရပ်စွန့်ခွာနှင့် ထိခိုက်လွယ် ပြည်သူများအတွက် ထောက်ပံ့မှု ငွေကျပ် (၅၈၇) သန်း၊ ပဋိပက္ခကာလအတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ငွေကျပ်(၇၅၀)သန်း နှင့် အခြား လူသားချင်းစာနာမှု အကူအညီများ အတွက် ငွေကျပ် (၁၃၅)သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဖြစ်သည်။ ပြည်သူ့ခုခံစစ် စတင်သည့် စက်တင်ဘာလ နှင့် အောက်တိုဘာလ အတွင်း နိုင်ငံအနှံ့အတွက် လူသားချင်းစာနာမှု အကူအညီများအတွက် စုစုပေါင်း ငွေကျပ် (၃၃၅)သန်း ထောက်ပံ့ပေးပို့ခဲ့ပြီး ဤကာလအတွင်း စစ်ဘေးရှောင် နှင့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ထောက်ပံ့မှုမှာ ငွေကျပ် (၆၀) သန်းခန့် ဖြစ်သည်။ လတ်တလောတွင် ထိုးစစ်ဆင်မှုကို ပိုမိုခံစားလာရသော ဒေသများအား ထောက်ပံ့မှုအကူအညီများ ဆက်လက်ပေးပို့နိုင်ရန် တတ်အားသရွေ့ စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။
◾️ ထို့အပြင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင်၏ ညှိနှိုင်း အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကို ပြည်နယ်နှင့်တိုင်း ဒေသအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားရှိပြီး အလှူရှင် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများ၊ မိတ်ဖက်နိုင်ငံများနှင့် လူသားချင်းစာနာမှု အကူအညီရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင်အရေးပါသော နိုင်ငံတကာနှင့် ပြည်တွင်း ငွေကြေးစီးဆင်းမှု ပိုမိုလွယ်ကူ အဆင်ပြေလာစေရေး အစီအစဥ်များကိုလည်း ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။
◾️ အောက်တိုဘာလ ၁၃ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်အနေဖြင့် စကားဝိုင်းအစီအစဥ်ကို အမျိုးသားညီညွတ်ရေးအစိုးရ လူမှုကွန်ယက် စာမျက်နှာများမှ ထုတ်လွှင့်ခြင်း၊ ဝန်ကြီးဌာနဝန်ထမ်းများ၏ အထိမ်းအမှတ်နေ့ ကဗျာများနှင့် ဆောင်းပါးများကို လူမှုကွန်ယက်မှ ဝေမျှခြင်းနှင့် ပြည်သူအားလုံး ပါဝင်နိုင်သော လူထုလှုပ်ရှားမှုတစ်ခုကို လူမှုကွန်ယက်များတွင် ပြုလုပ်ခြင်းတို့အား အောင်မြင်စွာ ကျင်းပနိုင် ခဲ့ပါသည်။ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအနေနှင့် မိုးလေဝသ သတင်းကို အပတ်စဥ် ထုတ်ပြန်လျက်ရှိပြီး ပဋိပက္ခအခြေအနေများအတွင်း ကြိုတင်ပြင်ဆင်ရန် နည်းလမ်းများအား လူမှုကွန်ယက်များနှင် ရေဒီယိုအစီအစဥ်များမှတဆင့် ပြည်သူများ သတိပြုမိစေရန် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
◾️ ၎င်းအပြင် ဝန်ကြီးဌာန CDM ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း သင်တန်းများနှင့် ဝန်ထမ်းများ၏ သားသမီးများအတွက် မူကြိုသင်တန်း ဖွင့်လှစ်ခြင်း အစီအစဥ်များကို ဆောင်ရွက်လျက်ရှိပြီး နေရပ်စွန့်ခွာသူများအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်ဆိုင်ရာ သင်တန်းများပေးခြင်းအစီအစဥ်များ ကိုလည်း စီစဥ်လျက်ရှိသည်။ ကိုဗစ် ၁၉ တတိယလှိုင်းဘေးဒဏ်ကြောင့် စိတ်လူမှု သောကခံစားရသူများအား စိတ်ခွန်အား မြှင့်တင်ခြင်း ဆိုင်ရာ နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း အစီအစဥ်ကိုလည်း ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။