"ဘဝတွေထိခိုက်ဆုံးရှုံးရမှု လျော့နည်းအောင် အခုပဲလှူလိုက်ပါ။"
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာကူညီမှုအကျပ်အတည်းဟာ သမိုင်းမှာ အဆိုးရွားဆုံး ဖြစ်လာခဲ့ပါတယ်။
မြန်မာစစ်တပ်ရဲ့ ပြည်သူအပေါ် လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် နေအိမ်တွေဖျက်ဆီးခံရပြီး ဗုံးခိုကျင်းတွေနဲ့ တောတောင်တွေထဲကို ရှောင်ပြေးပုန်းအောင်းနေကြရတဲ့ ပြည်သူပေါင်း ၁.၉ မီလီယံ ခန့်ရှိနေပါတယ်။ ဒီအရေအတွက်ဟာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး စစ်တပ်က နေ့စဉ်ရက်ဆက် အကြမ်းဖက်မှုတွေကို တိုးမြှင့် လုပ်ဆောင်နေတာကြောင့် အဲ့ဒီကိန်းဂဏန်းတွေက ထပ်ပြီး တိုးလာဖို့ပဲရှိပါတယ်။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က ၂၀၂၃ခုနှစ်မှာ နိုင်ငံ လူဦးရေ သုံးပုံ ၁ပုံ ဖြစ်တဲ့ ၁၇.၆သန်း ခန့်ဟာ လူသားချင်းစာနာမှုအကူအညီ လိုအပ်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ UNOCHA အနေနဲ့ ဦးစားပေး အကူအညီလိုအပ်တဲ့ ပြည်သူ ၄.၅သန်း ဆီ အရေးပေါ် အသက်ကယ်မှုဆိုင်ရာ အကူအညီ ရောက်ရှိနိုင်ဖို့ US$ ၇၆၄ သန်း တောင်းဆိုထားပါတယ်။
အာဏာသိမ်းစစ်တပ်က လူသားချင်းစာနာမှုအကူအညီတွေကို ပိတ်ပင်တားမြစ်ထားတဲ့အတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေဟာ အကူအညီလိုအပ်တဲ့နေရာတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဝန်ကြီးဌာနအနေနဲ့ ပြည်သူလူထုရဲ့လှူဒါန်းမှုတွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းများနဲ့ မြေပြင်က တက်ကြွတဲ့ စေတနာ့ဝန်ထမ်းများမှတစ်ဆင့် အကူအညီလိုအပ်လျက်ရှိတဲ့သူတွေလက်ဝယ်ရောက်အောင် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါပေမယ့်လည်း ရန်ပုံငွေကွာဟချက်မှာ အလွန်များပြားနေပြီး ထောက်ပံ့လှူဒါန်းမှုများကို အရေးတကြီး လိုအပ်နေတဲ့ ပြည်သူအရေ အတွက်အများအပြားကျန်ရှိနေသေးပါတယ်။ ဒါ့ကြောင့်မို့ ပြည်တွင်း/ပြည်ပ မိတ်ဆွေတွေရဲ့ အကူအညီကိုလိုအပ်နေပြီး ယခုပဲ ပါဝင်လှူဒါန်းပေးကြပါလို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
သင့်ရဲ့လှူဒါန်းမှုဟာ မြန်မာနိုင်ငံက ပြည်သူတွေကို ဘယ်လိုကူညီနိုင်မလဲ?
သင့်ရဲ့လှူဒါန်းမှုဟာ
- နေရပ်စွန့်ခွာပြည်သူတွေ
- အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်တဲ့ အစိုးရဝန်ထမ်းများ
- အမျိုးသမီး၊ ကလေးနဲ့ မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ
- အာဏာသိမ်းစစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များ
- စစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ ပြည်သူများ
- နိုင်ငံရေးအကျဉ်းသားများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များ
ကို ကူညီနိုင်မှာပဲဖြစ်ပါတယ်။